Main menu

Background

ဘယ်မူကို ကျင့်သုံးသင့်ပါသလဲ

Wed, 09/15/2021 - 12:15 -- journal_editor

              နိုင်ငံ၏ စီးပွားရေးအခြေအနေ တည်ငြိမ်စေရန် ဆောင်ရွက်ရာတွင် အစိုးရသည် ငွေကြေး ပေါ်လစီ (Monetary Policy) သို့မဟုတ် ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) ကို အားထားလေ့ရှိသည်။ ငွေကြေးပေါ်လစီဆိုသည်မှာ ဗဟိုဘဏ်က သတ်မှတ်သော အတိုးနှုန်းနှင့် ငွေကြေးပမာဏ (Money Supply) တို့ကို စီမံခန့်ခွဲခြင်းဖြစ်သည်။ဘဏ္ဍာရေးပေါ်လစီသည် အစိုးရ၏ ရငွေနှင့် အသုံးစရိတ်တို့ကို ဆုံးဖြတ်သည့် မူဝါဒ ဖြစ်သည်။နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်သောပေါ်လစီလက်နက်မှာငွေကြေးပေါ်လစီဖြစ်သည် သို့မဟုတ် ဘဏ္ဍာရေးပေါ်လစီဖြစ်သည် ဆိုသည်ကိုအပြင်းအထန် အငြင်းပွားနေဆဲဖြစ်သည်။ ပေါ်လစီတစ်ခုချင်းစီတွင်ရှိသောအားသာချက်နှင့် အားနည်းချက် သို့မဟုတ် ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကိုထည့်သွင်းစဉ်းစားရန် ဖြစ်ပါသည်။

ငွေကြေးမူဝါဒ၏ သဘော                      

              ငွေကြေးမူဝါဒဆိုသည်မှာနိုင်ငံတစ်နိုင်ငံ၏ မက်ခရိုပေါ်လစီရည်မှန်းချက်များ (Macroeconomic Policy Objectives) ရရှိအောင်မြင်ရေးအတွက် ယင်းနိုင်ငံ၏ ဗဟိုဘဏ်ကဆောင်ရွက်သောလုပ် ဆောင်ချက်များဖြစ်သည်။ အချို့ဗဟိုဘဏ်များသည် ငွေကြေးဖောင်းပွမှုအဆင့် (Level of Inflation) လျာထားသတ်မှတ်ပြီးပေါ်လစီကို ချမှတ်အကောင်အထည်ဖော်ကြသည်။ အမေရိကန်ပြည်ထောင်စု၌ အလုပ်အကိုင်အများဆုံးရရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဗဟိုဘဏ် (Federal Reserve Bank) ကိုတည်ထောင်ထားသည်။ အဆိုပါရည်ရွယ်ချက်များရရှိအကောင်အထည်ဖော်နိုင်ရေးအတွက် ဗဟိုဘဏ်ကိုသီးခြားလုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားသည်။ ထိုကဲ့သို့ အပ်နှင်းထားရှိခြင်းကိုဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှစ်မျိုး (Fed’s Dual Mandate) ဟူ၍ ရည်ညွှန်းခေါ်ဝေါ်လေ့ရှိသည်။ နိုင်ငံအများစုသည် ဗဟိုဘဏ်အာဏာပိုင် သို့မဟုတ် ငွေကြေးအာဏာပိုင် (Monetary Authority) အပေါ် နိုင်ငံရေးလွှမ်းမိုးမှု မရှိစေရန် သီးခြားခွဲ၍ ထားရှိပါသည်။ နိုင်ငံရေး လွှမ်းမိုးမှုကဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်ကိုယုတ်လျော့စေနိုင်သကဲ့သို့ ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်ကိုလည်းမှေးမှိန်စေနိုင်သည်။ အကျိုးဆက်အနေဖြင့် အမေရိကန်ဗဟိုဘဏ်အပါအဝင် ဗဟိုဘဏ်များစွာသည် လွတ်လပ်သောအေဂျင်စီ (Independent Agencies) အဖြစ် သီးခြားလည်ပတ်ကြပါသည်။

              တိုင်းပြည်စီးပွားရေးတိုးတက်ပြီး ငွေကြေးဖောင်းပွမှုသိသိသာသာမြင့်တက်လာချိန်တွင် ဗဟိုဘဏ်သည် တင်းကျပ်သောငွေကြေးမူဝါဒ (Tight Monetary Policy)ချမှတ်ပြီးငွေကြေးအရေအတွက် နည်းပါးစေရန် ဆောင်ရွက်ပါသည်။ ထို့ပြင်လက်ရှိအတိုးနှုန်းကို မြှင့်တင်ပါသည်။ အတိုးနှုန်းမြှင့်တင်ခြင်းကငွေကြေးချေးယူမှုစရိတ် (Borrowing Costs) မြင့်တက်စေပြီးငွေသားနှင့် ချေးငွေ (Cash and Loans) တို့၏ ဝယ်လိုအားကိုကျဆင်းစေသည်။ ထို့ပြင် ဗဟိုဘဏ်သည် ကူးသန်းရောင်းဝယ်ရေးနှင့် လက်လီဘဏ်များ (Commercial and Retail Banks) ၏ သီးသန့်ငွေသားအဆင့် (Level of reserves) ကိုလည်း မြှင့်တင်နိုင်သည်။ သီးသန့်ငွေသားဆိုသည်မှာအဆိုပါဘဏ်များ၏ လက်ထဲ၌ ချန်ထားရသည့်ငွေသားဖြစ်သည်။ ထိုကဲ့သို့ ဘဏ်ထဲ၌ ချန်ထားရမည့်သီးသန့်ငွေသားအဆင့်ကိုမြှင့်တင်ခြင်းကအဆိုပါဘဏ်များ၏ ချေးငွေသစ် (New Loans) ထုတ်ချေးခြင်းကိုကန့်သတ်ရာရောက်ပါသည်။ လွတ်လပ်သောဈေးကွက်အတွင်းအစိုးရငွေကြေးစာချုပ်များ (Government Bonds) ရောင်းချခြင်းကလည်းဈေးကွက်အတွင်းလှည့်လည်သုံးစွဲနေသောငွေကြေးအရေအတွက်ကိုလျော့ကျစေပါသည်။

              နိုင်ငံ၏ စီးပွားရေးကျဆင်းနေချိန်တွင် အထက်ပါပေါ်လစီနည်းလမ်းများကိုပြောင်းပြန် ကျင့်သုံးရန်ဖြစ်သည်။ စီးပွားရေးကျဆင်းနေချိန်တွင် လျော့ရဲသောပေါ်လစီသို့မဟုတ် ငွေကြေးပမာဏတိုးပွားစေသောပေါ်လစီ (Loose or Expansionary Policy) ကိုကျင့်သုံးသည်။ ထို့ပြင် အတိုးနှုန်း လျှော့ချခြင်း၊ သီးသန့်ငွေသားအဆင့် ဖြေလျှော့ခြင်းနှင့်  အစိုးရငွေကြေးစာချုပ်များဝယ်ယူခြင်းတို့ကိုလုပ်ဆောင်ပါသည်။ အဆိုပါ သမားရိုးကျအစီအမံများ (Traditional measures)ကျင့်သုံး၍ မရသည့်အခြေအနေတွင် ဗဟိုဘဏ်သည် သမားရိုးကျမဟုတ်သောပေါ်လစီ (Unconventional Monetary Policies) ကိုချမှတ်ကျင့်သုံးပါသည်။ သမားရိုးကျမဟုတ်သောပေါ်လစီအဖြစ် ငွေကြေးအရေအတွက် အမြောက်အများထုတ်ချေးသည့်နည်းလမ်း (Quantitative Easing-QE) ကိုတွေ့မြင်နိုင်သည်။

ငွေကြေးပေါ်လစီ၏ ကောင်းကျိုးများ

              ပထမကောင်းကျိုးမှာအတိုးနှုန်းမြှင့်တင်၍ ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ခြင်းဖြစ်သည်။ ငွေကြေးဖောင်းပွမှုအနည်းငယ်ရှိနေခြင်းသည် တိုင်းပြည်စီးပွားရေးတိုးတက်မှုအတွက် ကောင်းမွန် သည်ဟုယူဆနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးဖောင်းပွမှုအနည်းငယ်ဖြစ်ပေါ်နေခြင်းကအနာဂတ်ရင်းနှီးမြှုပ်နှံမှုကိုအားပေးရာရောက်ပြီးအလုပ်သမားများအတွက် လုပ်ခလစာတိုးတက်ရရှိစေသောကြောင့် ဖြစ်ပါသည်။ ဈေးကွက်အတွင်းကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အထွေထွေဈေးနှုန်းအဆင့် (General Price levels) မြင့်တက်လာချိန်တွင် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ပါသည်။ ဗဟိုဘဏ်၏ အတိုးနှုန်းမြှင့်တင်ခြင်းသည် ရင်းနှီးမြှုပ်နှံမှုလျော့ကျစေပြီးစီးပွားရေးတိုးတက်မှုကိုနှေးကွေးစေနိုင်သည်။ ထို့ပြင် ငွေဖောင်းပွမှုကိုလည်းကျဆင်းစေနိုင်သည်။

              ဒုတိယကောင်းကျိုးမှာဗဟိုဘဏ်သည် လွတ်လပ်ပြီးနိုင်ငံရေးလွှမ်းမိုးမှုမရှိခြင်းဖြစ်သည်။ ငွေကြေးမူဝါဒပိုင်းအားနည်းချက်ရှိသည်ဆိုပါကရွေးကောက်ပွဲမတိုင်မီဖြစ်စေ၊ ရွေးကောက်ပွဲကာလအတွင်း၌ဖြစ်စေဗဟိုဘဏ်သည် နိုင်ငံရေးရိုက်ခတ်မှုများ (Political Repercussions) ကိုကြောက်ရွံ့စရာမလိုဘဲလွတ်လွတ်လပ်လပ်ဆုံးဖြတ်ဆောင်ရွက်နိုင်သည်။

              တတိယကောင်းကျိုးမှာငွေတန်ဖိုးလျှော့ချပြီးပို့ကုန်မြှင့်တင်ခြင်းဖြစ်သည်။ ငွေကြေးအရေအတွက်များပြားစေရန်လုပ်ဆောင်ခြင်းသို့မဟုတ် အတိုးနှုန်းလျှော့ချခြင်းကပြည်တွင်းငွေကြေးတန်ဖိုး(Value of Local Currency) ကျဆင်းစေသည်။ ထိုကဲ့သို့ ငွေတန်ဖိုးကျဆင်းခြင်းသို့မဟုတ် အားပျော့သောငွေကြေး (Weaker Currency) က ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချသောပို့ကုန်ကိုမြှင့်တင်ပေးနိုင်သည်။ပို့ကုန်လုပ်ငန်းရှင်များအတွက် ကောင်းမွန်သော်လည်းသွင်းကုန်လုပ်ငန်းရှင်များအားထိခိုက်စေနိုင်သည်။

              စတုတ္ထနှင့် နောက်ဆုံးကောင်းကျိုးမှာအလွယ်တကူအကောင်အထည်ဖော်နိုင်ခြင်းဖြစ် သည်။ ဗဟိုဘဏ်သည် ငွေကြေးပေါ်လစီလက်နက်ကိုလွယ်လွယ်နှင့်မြန်မြန်အသုံးပြုနိုင်သည်။ တစ်ခါ တစ်ရံ၌ ဗဟိုဘဏ်၏ အရိပ်အမြွက်ပြောဆိုချက်များကဈေးကွက်အတွင်းရလဒ်ကောင်းများကိုဖြစ်စေတတ်ပါသည်။

ငွေကြေးပေါ်လစီ၏ ဆိုးကျိုးများ

              ပထမဆုံးအားနည်းချက်မှာပေါ်လစီ၏ သက်ရောက်မှုအချိန်ကြာမြင့်ခြင်းဖြစ်သည်။ ပေါ်လစီကိုမြန်မြန်အကောင်အထည်ဖော်သော်လည်းယင်း၏ သက်ရောက်မှုရလဒ်မှာအချိန်လွန်မှ ထွက်ပေါ်လာလေ့ရှိသည်။ တစ်နိုင်ငံလုံး၏ စီးပွားရေးအပေါ် ငွေကြေးပေါ်လစီ၏ သက်ရောက်မှုမှာလပေါင်းများစွာသို့မဟုတ် နှစ်ချီ၍ ကြာညောင်းတတ်သည်။ စီးပွားရေးပညာရှင်အချို့ကငွေကြေးကိုကြားခံဖလှယ်ရေးကိရိယာအဖြစ်သာရှုမြင်သည်။ ထို့ကြောင့် ဤပေါ်လစီသည် ကာလတိုစီးပွားရေးတိုးတက်မှုကိုသာဖြစ်စေကြောင်း၊ ကာလရှည်ကောင်းကျိုးသက်ရောက်မှုမရှိကြောင်းအဆိုပါ ပညာရှင်များကပြောကြားသည်။

              ဒုတိယအချက်မှာနည်းပညာကန့်သတ်ချက်များ (Technical Limitations) ဖြစ်သည်။ သာမန်အားဖြင့် အတိုးနှုန်းကိုသုညရာခိုင်နှုန်း (၀%) အထိသာ လျှော့ချ၍ ရသည်။ ယခင်ကတည်းကအတိုးနှုန်းသည် သုညရာခိုင်နှုန်းနားသို့ ရောက်ရှိနိမ့်ကျပါကဗဟိုဘဏ်သည် အတိုးနှုန်းကိုထိထိရောက်ရောက်လျှော့ချ၍ မရတော့ပေ။ ကာလရှည်ကြာစွာအတိုးနှုန်းကိုအလွန်လျှော့ချထားခြင်းသည် ငွေဖြစ်လွယ်မှုထောင်ချောက် (Liquidity Trap) ကိုဖြစ်စေနိုင်သည်။ ငွေဖြစ်လွယ်မှုထောင်ချောက်ဆိုသည်မှာအတိုးနှုန်းအလွန်နိမ့်ကျသောကြောင့် စားသုံးသူများသည် အတိုးနှုန်းမြင့်မားသောငွေကြေးစာချုပ် (High-yielding bonds) နှင့် အခြားရင်းနှီးမြှုပ်နှံမှုများ၌ မသုံးစွဲတော့ဘဲငွေသားကိုသာကိုင်ဆောင်ထားသောအခြေအနေဖြစ်သည်။ နိုင်ငံ၏ စီးပွားရေးတိုးတက်နေချိန်တွင် ငွေဖြစ် လွယ်မှုထောင်ချောက် မိနေခြင်းသည်ပိုမိုထိရောက်အသုံးဝင်နိုင်သည်။ နိုင်ငံ၏ စီးပွားရေးကျဆင်းနေချိန်တွင် အဆိုပါပေါ်လစီလက်နက်ကိုထိထိရောက်ရောက် အသုံးပြုနိုင်မည်မဟုတ်ပေ။ ဥရောပဗဟိုဘဏ်အချို့သည် အနှုတ်လက္ခဏာအတိုးနှုန်းမူဝါဒ (Negative Interest Rate Policy-NIRP) ကိုစမ်းသပ်ကျင့်သုံးခဲ့သည်။ သို့သော် အချိန်ကာလတစ်ခုထိရလဒ်ထွက်ပေါ်ခဲ့ခြင်းမရှိပေ။

              တတိယအားနည်းချက်မှာငွေကြေးပေါ်လစီသည် ယေဘုယျသဘောဆန်ပြီးတစ်နိုင်ငံလုံးကိုထိခိုက်စေနိုင်ခြင်းဖြစ်သည်။ အတိုးနှုန်းမြှင့်တင်ခြင်းကဲ့သို့သောငွေကြေးပေါ်လစီလက်နက်သည် နိုင်ငံတစ်ဝန်းလုံးကိုရိုက်ခတ်ပါသည်။ ယင်းပေါ်လစီလက်နက်သည် နယ်ပယ်တစ်ခုသို့မဟုတ် နယ်ပယ်အချို့အတွက် ထည့်သွင်းစဉ်းစားပြီးကောင်းကျိုးမပြုနိုင်ပေ။ ဥပမာအားဖြင့် အလုပ်လက်မဲ့ မြင့်မားနေသည့် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး၏ အလုပ်လက်မဲ့နှုန်းလျော့ကျစေရန် ဤပေါ်လစီကိုမကျင့်သုံးနိုင်ပေ။ ထို့ကြောင့် ငွေကြေးမူဝါဒသည် ယေဘုယျဆန်ပြီး ပြဿနာရပ်တစ်ခုချင်းကိုမဖြေရှင်းနိုင်ပေ။ ထို့ပြင် သက်ဆိုင်ရာလုပ်ငန်းစုသို့မဟုတ် သက်ဆိုင်ရာဒေသ၏ စီးပွားရေးတိုးတက်မှုကိုမဆောင်ကြဉ်းနိုင်ပေ။

              ငွေကြေးပေါ်လစီ၏ နောက်ဆုံးဆိုးကျိုးမှာငွေကြေးဖောင်းပွမှုအလွန်မြင့်မားခြင်း (Hyper- inflation) ဖြစ်သည်။ အတိုးနှုန်းကိုအလွန်အမင်း လျှော့ချသောအခေါ ငွေကြေးချေးယူမှုအလွန်များပြားလာပါသည်။ အကျိုးဆက်အနေဖြင့် ဈေးကစားမှုပူဖောင်း (Speculative Bubble) ဖြစ်ပြီးကုန်ဈေးနှုန်းများအလွန်လျင်မြန်စွာမြင့်တက်စေနိုင်သည်။ ဈေးကွက်အတွင်းငွေကြေးထပ်မံဖြည့်တင်းခြင်းကငွေကြေးဖောင်းပွမှုကိုထိန်းချုပ်မရသည့်အခြေအနေသို့ ရောက်ရှိစေပါသည်။ အဘယ်ကြောင့်ဆိုသော်ဈေးကွက်အတွင်းလှည့်လည်သုံးစွဲသောငွေကြေးပိုမိုများပြားပြီးငွေကြေး၏ ဝယ်လိုအားနှင့် ရောင်းလိုအား (Demand& Supply) မမျှတတော့သောကြောင့် ဖြစ်ပါသည်။ထိုအခါ ငွေကြေး၏ ဝယ်လိုအားမပြောင်းလဲဘဲငွေတစ်ယူနစ်ချင်း၏ တန်ဖိုးကျဆင်းလာသည်။ ဤအချက်ကကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အထွေထွေဈေးနှုန်းကိုသိသိသာသာမြင့်တက်စေသည်။

ဘဏ္ဍာရေးပေါ်လစီ၏ သဘော

              ဘဏ္ဍာရေးပေါ်လစီ (Fiscal Policy) ဆိုသည်မှာအစိုးရ၏ ရငွေရရှိစေသောအခွန်စည်းကြပ်ခြင်း (Taxation) နှင့် အသုံးစရိတ်သုံးစွဲမည့်နည်းလမ်းတို့ကိုဆုံးဖြတ်သည့် မူဝါဒဖြစ်သည်။ တိုင်းပြည်စီးပွားရေးကျဆင်းနေချိန်တွင် အစိုးရသည် အကောက်ခွန်နှုန်း (Tax Rates) လျှော့ချပြီးအသုံးစရိတ် ပိုမိုသုံးစွဲမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် တိုင်းပြည်စီးပွားရေးအလွန်အမင်းတိုးတက်နေခြင်းကို လျှော့ချရန် အစိုးရသည် အခွန်တိုးမြှင့်ကောက်ခံပြီးအသုံးစရိတ်လျှော့ချသုံးစွဲမည်ဖြစ်ပါသည်။

ဘဏ္ဍာရေးပေါ်လစီ၏ ကောင်းကျိုးများ

              ပထမကောင်းကျိုးမှာသတ်မှတ်ထားသောရည်ရွယ်ချက် သို့မဟုတ် နယ်ပယ်အတွက် တိုက် ရိုက်သုံးစွဲနိုင်ခြင်းဖြစ်သည်။ ငွေကြေးပေါ်လစီနှင့် မတူညီသောအချက်မှာဘဏ္ဍာရေးပေါ်လစီအရအစိုးရသည် သီးသန့်စီမံကိန်း၊ လုပ်ငန်းကဏ္ဍသို့မဟုတ် ဒေသ (Specific Projects, Sectors or Regions) အတွက် အသုံးစရိတ်တိုက်ရိုက်သုံးစွဲနိုင်သည်။ တစ်နည်းအားဖြင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် မြှင့်တင်ရန်အလိုအပ်ဆုံးသောလုပ်ငန်းနယ်ပယ် သို့မဟုတ် ဒေသကိုရွေးချယ်၍ အသုံးစရိတ်ကျခံသုံးစွဲနိုင်သည်။

              ဘဏ္ဍာရေးပေါ်လစီ၏ ဒုတိယကောင်းကျိုးမှာအခွန်ကောက်ခံခြင်းအားဖြင့် ပြင်ပဆိုးကျိုးများ (Negative Externalities)လျှော့ချခြင်းဖြစ်သည်။ လေထုနှင့် ရေထုညစ်ညမ်းစေသောလုပ်ငန်းနှင့် သဘာဝသယံဇာတအလွန်အကျွံသုံးစွဲသောလုပ်ငန်းများအပေါ် အခွန်စည်းကြပ်ခြင်းကသဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုကိုကာကွယ်နိုင်သည်။ ထို့ပြင် အခွန်ကောက်ခံခြင်းကအစိုးရ၏ ရငွေကိုတိုးပွားစေသည်။တတိယကောင်းကျိုးမှာအချိန်တိုအတွင်းရလဒ်ကောင်းများတွေ့မြင်ရခြင်းဖြစ်သည်။ ဘဏ္ဍာရေးပေါ်လစီ၏ အကျိုးသက်ရောက်မှုကိုငွေကြေးပေါ်လစီ၏ အကျိုးသက်ရောက်မှုထက် ပိုမိုဆောလျင်စွာတွေ့မြင်နိုင်သည်။

ဘဏ္ဍာရေးပေါ်လစီ၏ ဆိုးကျိုးများ

              ပထမဆိုးကျိုးမှာနိုင်ငံရေးနှင့်ဆက်နွယ်နေခြင်းဖြစ်သည်။ အခွန်တိုးမြှင့်ကောက်ခံခြင်းသည် လူကြိုက်မများသောနည်းလမ်းဖြစ်သည်။ ထို့ကြောင့် ဤမူဝါဒကိုအကောင်အထည်ဖော်ပါကနိုင်ငံရေးအရအန္တရာယ်ရှိနိုင်သည်။

              ဒုတိယအားနည်းချက်မှာအခွန်မက်လုံးများ (Tax Incentives) က သွင်းကုန်အပေါ် အသုံးစရိတ် ပိုမိုများပြားစေခြင်းဖြစ်သည်။ အခွန်လျှော့ကောက်ခြင်းသို့မဟုတ် အသုံးစရိတ်ပိုမိုသုံးစွဲခြင်းအားဖြင့် ဈေးကွက်အတွင်းသို့ငွေကြေးများထည့်သွင်းနိုင်သည်။ ထိုသို့ ဆောင်ရွက်ခြင်းကဘဏ္ဍာရေးလှုံ့ဆော်မှု (Fiscal Stimulus) ၏ ကောင်းကျိုးဖြစ်ပေါ်မလာဘဲသွင်းကုန်အတွက် အသုံးစရိတ်ပိုမိုများပြားလာစေနိုင်သည်။ ထို့ပြင် ပြည်တွင်းဈေးကွက်အတွင်းရှိနေရမည့် အဆိုပါငွေကြေးများသည် ပြည်ပသို့ စီးထွက်သွားပါသည်။

              တတိယအားနည်းချက်မှာဘတ်ဂျက်လိုငွေ (Budget Deficits) ဖြစ်ပေါ်စေခြင်းဖြစ်သည်။ အစိုးရသည် ရငွေထက်အသုံးစရိတ် ပိုမိုသုံးစွဲသောအခါ ဘတ်ဂျက်လိုငွေဖြစ်ပေါ်သည်။ ရငွေထက် အသုံးစရိတ်ပိုမိုသုံးစွဲသည့်အချိန်ကြာမြင့်လာပါကဘတ်ဂျက်လိုငွေဆက်တိုက်ဖြစ်ပေါ်ပြီးအန္တရာယ် ရှိသောအဆင့်သို့ ရောက်ရှိသွားနိုင်သည်။

သိမှတ်ရန်အချက်

              အလုပ်လက်မဲ့နည်းပါးခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ခြင်း၊ ငွေဖောင်းပွမှုနိမ့်ကျခြင်းနှင့်အတူ စီးပွားရေးတိုးတက်စေရန်အတွက် ငွေကြေးနှင့် ဘဏ္ဍာရေးပေါ်လစီလက်နက်များကိုကျင့်သုံးခြင်းဖြစ် ပါသည်။ သို့သော်လည်းပေါ်လစီအကောင်အထည်ဖော်ရာတွင် စံသတ်မှတ်ထားသောနည်းလမ်းသို့မဟုတ် ရှုပ်ထွေးသော ပြဿနာအတွက် ရိုးရှင်းသောဖြေရှင်းနည်း(Silver Bullet or Generic Strategy) မရှိပေ။ ပေါ်လစီတစ်ခုချင်း၏ အားသာချက်နှင့် အားနည်းချက်ကိုထည့်သွင်းစဉ်းစားရပါမည်။ သို့သော်လည်း ထိထိရောက်ရောက်အသုံးပြုမည်ဆိုပါက လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဖြစ်ထွန်းစေနိုင်သည်။ အထူးသဖြင့် အကျပ်အတည်းဖြစ်ပေါ်ပြီးနောက် ဝယ်လိုအားကို မြှင့်တင်ရာ၌အလွန်အသုံးဝင်ပါသည်။

Source: investopedia.com                      

သိန်းမြင့်ဝေ