Main menu

Background

လူသားနှင့်သဘာဝလောကအတွက် ဖြစ်နိုင်သည့်အနာဂတ်

Tue, 09/21/2021 - 15:17 -- journal_editor

           သဘာဝသမိုင်းသည်ခမ်းနားကြီးကျယ်လှသည်။ သက်ရှိတစ်ခုစီ၏ လောကဓံနှင့်စွန့်စားခန်းများသည် ရင်သပ်ရှုမောဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့ မသိလိုက်ဘာသာ နေနေသည့် သဘာဝလောကကြီးသည် ဤသဘာဝသမိုင်းကြီးမှ စင်စစ်ပေါက်ပွားခဲ့သည့် သားသမီးများ ဖြစ်သည်။ ယနေ့ခေတ်တွင် မရေမတွက်နိုင်သည့် မျိုးစုံမျိုးကွဲများ ရှိခဲ့သည့်နည်းတူ၊ သဘာဝသမိုင်းတစ်လျှောက်တွင်လည်း အဆုံးမရှိသော မျိုးစုံမျိုးကွဲများနှင့်၊ မျိုးနွယ်တစ်ခုစီက ပြောပြသည့် အံ့ဩဘနန်းဖြစ်ရမည့် ပုံပြင်ဇာတ်လမ်းတစ်ပုဒ်စီရှိသည်။ ဤပုံပြင်ဇာတ်လမ်းများကို ပြောပြမည့် ပန်းမာလ်တိရစ္ဆာန်များသည် ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်၏သမိုင်းမှတ်တမ်းဖြစ်သည်။ လူ့သမိုင်းအမွေအနှစ်များကို တန်ဖိုးထားသကဲ့သို့၊ သဘာဝသမိုင်းအမွေအနှစ်များသည်လည်း ထပ်တူထပ်မျှ တန်ဖိုးထားရမည့်အရာများဖြစ်သည်။ နတ်ဘုရားကဲ့သို့ အစွမ်းအစရှိသော ကျွန်ုပ်တို့လူသားများသည် နတ်ဘုရားကောင်းများဖြစ်ရန်လိုသည်။ သဘာဝလောကကို မှန်မှန် ကန်ကန် ချစ်မြတ်နိုးတတ်ရန်လိုအပ်ပါသည်။ မြေကမ္ဘာသဘာဝသမိုင်း၏ ခမ်းနားပုံနှင့် ယနေ့ခေတ်သဘာဝလောကကြီး၏ အရေးပါပုံတို့ကိုသိရှိပြီး၊ ဤသဘာဝလောကကြီးကို ချစ်မြတ်နိုးစိတ်၊ ထိန်းသိမ်းကာကွယ်လိုစိတ်များ တဖွားဖွားပေါ်ပေါက်လာလျှင် ဤသာယာချမ်းမြေ့သည့် တတိယမြောက်အနာဂတ်မျိုးရရန်အတွက် ကျွန်ုပ်တို့၏ အတောမသတ်နိုင်သော လောဘကိုရပ်ရပါမည်။ အမိုက်မှောင်ဖုံးနေသော မသိနားမလည်မှုများကို ကုစားကြရပါမည်။ အရေးအကြီးဆုံးမှာ ကမ္ဘာ့နိုင်ငံများသည် အချင်းချင်း ရန်စောင်ယှဉ်ပြိုင်မနေဘဲ၊ လူသားနှင့်သဘာဝလောကကြီး၏ အကျိုးစီးပွားအတွက် လတ်တလောပြဿနာကြီးများကို မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့လိုပါသည်။ ဤအတွက် လူတစ်ဦးချင်း၏ တာဝန်သိတတ်မှုနှင့်မလုံလောက်ချေ။ အင်အားကြီးမားသော နိုင်ငံရေးနှင့်စီးပွားရေး အင်အားစုများ၏ ပါဝင်ဆောင်ရွက်မှုကိုလိုအပ်ပါသည်။ ကမ္ဘာနိုင်ငံအပေါင်း၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပါဝင် ဆောင်ရွက်မှုသည် ကျေနပ်ဖွယ်ရာမရှိသည်ကို ဝမ်းနည်းဖွယ်တွေ့ရပါသည်။ ယနေ့ခေတ်တွင် စံနမူနာပြုရလောက်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုများကို မျက်မြင်တွေ့ကြရသည်။ စံနမူနာပြုရသည့် လှုပ်ရှား မှုများ၊ နိုင်ငံရေးနှင့်စီးပွားရေးပေါ်လစီ အပြောင်းအလဲများသည် အားတက်ဖွယ် ဖြစ်သည်။ သို့သော် သဘာဝလောကသည် အင်မတန်ကြီးမားသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးကို အချိန်အားဖြင့်လည်းကောင်း၊ လုပ်ဆောင်သည့် ပမာဏအားဖြင့်လည်းကောင်း၊ ယခုထက်ပို၍ဆထက်တိုး ဆောင်ရွက်ကြဖို့ လိုပါသည်။

        သို့သော် လူမဟုတ်သည့် သဘာဝလောကကြီး၏ကံကြမ္မာသည် ဤမျှ မလုံခြုံပါချေ။ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များအပေါ်မူတည်၍၊ သဘာဝလောက၏အနာဂတ်သည် သုံးမျိုးသုံးစား ဖြစ်သွားဖွယ်ရှိသည်။ ပထမအခြေအနေ၌ လူသားသည် သဘာဝကိုလုံးဝလစ်လျူရှုထားသည်။ ငါးအလွန်အကျွံဖမ်းသောကြောင့် သမုဒ္ဒရာထဲတွင် ပင်လယ်ခူများ၊ ပုစွန်ဆိတ်များနှင့် ပြည်ကြီးငါးများသည်သာ ကြီးစိုးလျက်ရှိမည်။ ကုန်းမြေဧရိယာအားလုံးသည် မွေးမြူရေး ခြံများ၊ စိုက်ခင်းများ၊ ဆိုလာပြားနှင့်လေအားလျှပ်စစ်ဓာတ်အားပေးရုံနယ်မြေများဖြင့် အတိ ဖုံးလွှမ်းသွားမည်ဖြစ်သည်။ အင်မတန် ရုပ်ဆိုးအကျည်းတန်ပြီး၊ ပျင်းစရာကောင်းလှသည့် ကမ္ဘာကြီးဖြစ်သွားချေမည်။  အခြေအနေ၌၊ တောရိုင်းဒေသအချို့ကို ဧရာမသဘာဝဥယျာဉ်ကြီးများဖြစ်အောင်ဖန်တီးပြီး၊ ကျန်တောရိုင်းအားလုံးကိုမူ လူတို့၏ စားဝတ်နေရေး အတွက် သိမ်းပိုက်လိုက်မည်ဖြစ်သည်။ ဤသဘာဝဥယျာဉ်များသည်လည်း ယိုင်နဲ့နဲ့ ဂေဟစနစ် များသာဖြစ်၍၊ ရာစုနှစ်အနည်းငယ်အတွင်း ကွယ်ပျောက်သွားမည်ဖြစ်သည်။ ဤသည်မှာ ပထမအနာဂတ်မျိုးကို စနစ်တကျနှင့်ဖြည်းဖြည်းချင်း ချီတက်မည့်လမ်းကြောင်းသာဖြစ်ချေသည်။ ကမ္ဘာ့ကုန်းမြေဧရိယာ၏တစ်ဝက်ကို စနစ်တကျရွေးချယ်၍ သဘာဝကို ပြန်သိမ်းပိုက်ခွင့်ပေးလိုက်ခြင်းမျိုးဖြစ်သည်။ ဤနေရာများတွင် သဘာဝလောကကို လူသူအထိအတွေ့နည်းနိုင်သမျှနည်းအောင်ထားပါမည်။ ကမ္ဘာသားအပေါင်းသည် လူဦးရေပေါက်ကွဲခြင်း၏ ဆိုးကျိုးများကို သိနားလည်၍၊ လူဦးရေ တိုးပွားမှုကိုကန့်သတ်လိုက်သဖြင့်၊ ကမ္ဘာ့လူဦးရေနည်းသည်ထက်နည်းလာသည်။ လူဦးရေနည်းလေ၊ သယံဇာတများကို အချင်းချင်းမျှဝေရမည့် ပမာဏနည်းသွာလေဖြစ်ရာ၊ လူနေမှု အဆင့်အတန်းသည်လျော့သွားစရာမရှိချေ။ တိုးတက်လာစရာသာ ရှိပါသည်။ ဤအနာဂတ်၌ လူသားနှင့်သဘာဝလောကသည် ထာဝရအတူယှဉ်တွဲနေထိုင်ခွင့်ရကြလေသည်။

          လူသားမျိုးစိတ်သည် မည်မျှရှည်ကြာနိုင်မည်နည်း။ အချို့က နှစ်သန်းနှင့်ချီသည်အထိရှိနေဦးမည်ဟုဆိုကြသည်။ ဤအနာဂတ်လူသား၏ ဗီဇဖွဲ့စည်းပုံ၊ နည်းပညာ၊ နိုင်ငံရေးစနစ်များကို ခန့်မှန်းကြည့်ကြသည်။ အချို့က ကမ္ဘာနိုင်ငံများသည် တစ်ချိန်ချိန်တွင်အနုမြူစစ်ပွဲဖြစ်၍ လူ့ယဉ်ကျေးမှုအဆောက်အဦးသည် တစ်ကပြန်စရလိမ့်မည်ဟုခန့်မှန်းကြသည်။ အချို့ကလူသားသည် နည်းပညာကိုအသုံးပြု၍ ပို၍ငြိမ်းချမ်းတိုးတက်သည့် လူ့ဘောင် အဖွဲ့အစည်းဖြစ်လာမည်ဟု အကောင်းမြင်သူလည်းရှိသည်။ အချို့က လူသားသည် စက်ရုပ်ဉာဏ်အတုနှင့်ပေါင်းစည်းသွားပြီး၊ ဇီဝခန္ဓာ ဟူသည့် အနှောင်အဖွဲ့မှပင် ကင်းလွတ်သွားမည်ဟုခန့်မှန်းကြသည်။ သေချာသည်မှာ ဇီဝဆင့်ကဲ ဖြစ်စဉ်ကို သိနားလည်လာခြင်းနှင့်ဗီဇနည်းပညာတိုးတက်လာခြင်း ကိုယ်တိုင်ကပင် လူသား၏မျိုးဗီဇဆင့်ကဲဖြစ်စဉ်သည် သဘာဝ၏စေစားမှုအောက်တွင်မရှိတော့ဘဲ လူသား၏ရွေးချယ်မှုအောက်ကိုရောက်လာခြင်းဖြစ်သည်။ လူသားမျိုးစိတ် ဆက်ရှိ၊ မရှိဟူသည်မှာ သဘာဝသမိုင်းမှ ဖြေရမည့်အဖြေမဟုတ်တော့၊ လူ့သမိုင်းမှဖြေရမည့်အဖြေ ဖြစ်သည်။ လူသားမျိုးစိတ်သည် အခြားဂြိုဟ်နှင့်ကြယ်စနစ်များကိုပင် ရောက်သော်ရောက်သွားနိုင်သည်။ ဤအချိန် တွင် နေကြီး ဖောက်ပြန်ပျက်စီး၍ ကမ္ဘာကြီးပျက်စီးသွားသည့်တိုင် လူသားမျိုးစိတ်သည် ကျန်ရစ်နေဦးမည် ဖြစ်သည်။

          ကျွန်ုပ်တို့လူသားများသည် သဘာဝတရားကိုလွှမ်းမိုးချုပ်ကိုင်နိုင်သူများဖြစ်လာပြီဆိုလျှင်၊ ဤသဘာဝပတ်ဝန်းကျင် မပျက်ဆီးရအောင်ထိန်းသိမ်းသည့်သူများသာဖြစ်သင့်သည်။ ဖျက်ဆီးသည့်သူများမဖြစ်သင့်။ ဤထက် ပိုအရေးကြီးသည်မှာ၊ မသိလိုက် မသိဘာသာနေသူများ ဖြစ်ရန်မသင့်ဟုဆိုချင်ပါသည်။ ကျွန်ုပ်တို့အသုံးပြုနေသည့် နည်းပညာအားလုံးသည် သဘာဝက ပင်ကိုပေးထားသည့် အခွင့်အရေးများမဟုတ်ချေ။ လူသား၏ဉာဏ်ရည်ဖြင့် သဘာဝပတ်ဝန်းကျင်ကိုအသုံးချ၍ ထုတ်ယူထားသောအရင်းအမြစ်များဖြစ်သည်။ ဤအချက်တစ်ချက်တည်းကပင်လျှင် လူသားသည်အဘယ်ကြောင့် သဘာဝလောကကိုလစ်လျူမရှုသင့်ကြောင်း ဆုံးဖြတ်ပေးနိုင်ပါသည်။ သဘာဝ လောကကြီးကို ထိန်းသိမ်းရာ၌ အသားလျှော့စားခြင်း၊ ပလတ်စတစ်လျှော့သုံးခြင်း၊ မီးရေမဖြုန်းတီးခြင်း အစရှိသဖြင့် နေ့စဉ်အသေးအဖွဲ့ကိစ္စလေးများမှစ၍ အရေးပါလှသည်။ ထိုနည်းတူ အများပြည်သူ၏သဘာဝလောကနှင့် ပတ်သက်သော အခြေခံဗဟုသုတသည်လည်း အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ဘဝနေထိုင်မှုတိုင်းသည် သဘာဝလောကကိုတိုက်ရိုက်သက်ရောက်နေပါသဖြင့်၊ သဘာဝလောကအကြောင်းသည် ကျွန်ုပ်တို့မသိမဖြစ်သိရ မည့်အကြောင်းအရာပင်ဖြစ်ပါကြောင်းရေးသားလိုက်ရပါသည်။

ကိုးကားချက်-သဘာဝလောက၏ မရေရာသောကံကြမ္မာ

ငြိမ်းဝေနှင်း (စားသုံးသူရန်ကုန်)