Main menu

Background

ဖျာပုံမြို့ပင်လယ်ရေထွက်ပစ္စည်းယခင်နှစ်ထက်ဈေးအနည်းငယ်မြင့်တက်

Fri, 09/24/2021 - 11:48 -- journal_editor

          ဖျာပုံမြို့သည် ဆန်စပါးနှင့်ရေထွက်ကုန်ပစ္စည်းများ အဓိကအားထားလုပ်ကိုင်လျက်ရှိသောမြို့တစ်မြို့ဖြစ်သည်။ဩဂုတ်လ(၁)ရက်နေ့မှ စ၍ ပင်လယ်ငါးဖမ်းလုပ်ငန်းများအားလုံး ပင်လယ်ပြင်ထွက်ခွင့်ရရှိပြီး   စက်တင်ဘာလတွင်  ပင်လယ်ငါးဖမ်းရေယာဉ်၊   ငါး‌ပေါင်းရေယာဉ်များ ပြန်ဝင်လာကြ သဖြင့် ပင်လယ်ရေထွက်ကုန်ပစ္စည်းများ   လှိုင်လှိုင်ပေါသောကာလပင်ဖြစ်သည်။ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် စက်တင်ဘာ(၁၅)ရက်တွင် ပင်လယ်ရေထွက်ကုန်များရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ပင်လယ်ရေထွက်ကုန်ပစ္စည်းများ ယမန်နှစ်နှင့်ယခုနှစ် ဈေးကွက်အခြေအနေအားမေးမြန်းရာ ယမန်နှစ်ထက်တစ်ပိဿာကို(၁၀၀၀-၂၀၀၀)ကျပ် အနည်းငယ်မြင့်တက်မှုရှိကြောင်း၊ ယခုလိုဈေးတက်ရခြင်းမှာ ပင်လယ်ငါးဖမ်းရေယာဉ်တစ်စီး ပင်လယ်တစ်ခါထွက်လျှင်လနှင့်ချီ၍ကြာတတ်သဖြင့် ရေလုပ်သားများစားသောက်ရန် ဆန်၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်နှင့် ဟင်းသီးဟင်းရွက်များ၊ အသုံးအဆောင်ပစ္စည်းများ၊စက်သုံးဆီများဝယ်ယူမှုတွင် ဈေးမြင့်တက်လာမှုရှိခြင်းနှင့်ရေလုပ်သားရှားပါးမှုရှိလာသဖြင့် လုပ်သားခများတိုးမြှင့်ပေးရခြင်းတို့ကြောင့် ယခုနှစ်ဈေးအနည်းငယ်မြင့်တက်လာရခြင်း ဖြစ်ကြောင်း ပင်လယ်ရေထွက်ပစ္စည်းရောင်း ဝယ်ရေး ပြည့်ဖြိုးကျော်ကုမ္ပဏီမှလုပ်ငန်းရှင်တစ်ဦးထံကသိရသည်။

 ယခုနှစ်စက်တင်ဘာလအတွင်းဖြစ်ပေါ်နေသော ပင်လယ်ရေထွက်ပစ္စည်းတစ်ပိဿာဈေးနှုန်းများမှာ ငါးမုတ်(၂၀၀-၃၀၀)ဂရမ်ကြား(၁၅၅၀၀)ကျပ်၊(၁၀၀-၂၀၀)ဂရမ်ကြား(၉၅၀၀)ကျပ်၊(၁၀၀)ဂရမ်အောက်(၃၅၀၀)ကျပ်၊ငါးသလောက် (၅၀၀-၈၀၀)ဂရမ်ကြား(၁၁၀၀၀)ကျပ်၊(၅၀၀)ဂရမ်အောက်(၆၀၀၀)ကျပ်၊ ငါးပုတ်သင်အသေး(၁၅၀၀)ကျပ်၊ ငါးနှပ်(၇၀၀)ကျပ်၊ ငါးရောင်(၈၀၀)ကျပ်၊ ရေငံပုစွန်မ(၅၀၀၀)ကျပ်၊ငါးအသေးအစုံ(၈၀၀)ကျပ်ရှိပြီး ကုမ္ပဏီမှပင်ရင်းဈေးနှုန်းများ ဖြင့် ငါးအသေးအစုံများကို မြို့တွင်းစားသုံးမှုအတွက်ဖြန့်ဝေပေးကာ ကျန်ငါးများကိုရန်ကုန်ဈေးကွက်သို့တင်ပို့လျက်ရှိကြောင်းသိရသည်။

မင်းဇော်မွန်/ဖျာပုံ

စားသုံးသူရေးရာဦးစီးဌာန၊ဖျာပုံမြို့