Main menu

Background

၀ဥစိုက်ပျိုး ဝင်ငွေတိုး

Fri, 07/29/2022 - 16:32 -- journal_editor

မိုးဦးကျကာလဇွန်လ မိုးပွင့်လေးများကျလာပြီးဆိုသည်နှင့် စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေတိုးစေသည့် Aracac (ခေါ်) ပိန်းမျိုးရင်း တစ်မျိုးဖြစ်သည့် “ဝဥ”ပင်များကို  စီးပွားဖြစ် စိုက်ပျိုးလေ့ရှိကြသည်။ “ဝဥ” အပင်များသည် အပူပိုင်း ဒေသ များနှင့် အာဖရိကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်း၊ တောင်ပေါ်ဒေသများတွင်  စနစ်တကျ  စိုက်ပျိုးဖြစ်ထွန်းမှုရှိသော အပင်တစ်မျိုးဖြစ်သည်။ ချင်းပြည်နယ်   တောင်တန်းဒေသ များ တွင် ပေါက်ရောက်မှုပိုများပြီး ဝင်ငွေကောင်းကာ  ကျန်းမာရေးနှင့်သင့် လျော်သည့် ဥအမျိုးအစားဖြစ်သည်။ ချင်းပြည်နယ်၌  ၂၀၂၂-၂၀၂၃ နှစ်အတွင်း ဝဥစိုက်ပျိုးမှုဧကအနေဖြင့်  မတူပီမြို့တွင် ဧက ၂၆၀ဝ နှင့်မင်းတပ်မြို့တွင် ဧက ၄၃၁၀စိုက်ပျိုးထားရှိကြောင်သိရသည်။“ဝဥ”သည်  အတွင်းအသားရောင်များအနေဖြင့် အဖြူရောင်၊အဝါရောင်နှင့် အနီရောင်ဟူ၍ အရောင်အမျိုးမျိုးရှိသည်။ “ဝဥ”အပင်သည် ရိုးတံရှည်ပြီး ချောမွတ်ကာ အဖြူကွက် လေးများနှင့် ရွက်ပြားကျယ်ပြန့်ပြီး   အရွက်မျက်နှာပြင်ပေါ် ခွဆုံနေရာများတွင် မျိုးစေ့များ ထုတ်ပေးသော အပင်မျိုးနှင့် ပန်းခိုင်ထွက်ရှိကာ မျိုးစေ့ ထုတ်ပေးသော အပင်ဟူ၍ ကွဲပြားမှုရှိသည်။ “ဝဥ”အဖြူမျိုးနှင့် အဝါ မျိုးများသည် ချက်ချင်း ချက်ပြုတ် စားနိုင်ပြီး အနီမျိုးသည် ယားယံ တတ်ကြောင်း သိရှိရသည်။ “ဝဥ” ပင်များကို ဇွန်လတွင် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လ တွင် အရွက်ဖားဖားနှင့် အပင်ဖြစ်ထွန်းတတ်ပြီး  စက်တင်ဘာလခန့် တွင် ပင်စည်အရင်းဘက်  မြေကြီးအတွင်းဝဥများ ကြီးထွားလာကာ အောက်တိုဘာလပိုင်းတွင် အရွက်များပေါ်တွင် မျိုးဥသီးသည့် အဖြူ မျိုးနှင့် ဖူးတံထွက်ကာ အသီးပန်းခိုင်သီးသည့် အဝါမျိုးများဖြစ်သည်။ အရွက်များပေါ်မှ ထွက်ရှိသည့် မျိုးဥများကို စနစ်တကျ ခူးဆွတ်ကာ မျိုးဥများအဖြစ် ပြန်လည်ရောင်းချကြသည်။“ဝဥ”အဝါရောင်မှ ထွက် လာသည့် ဖူးတံများသည် နိုဝင်ဘာနှောင်းပိုင်းတွင် အသီးများရင့်ကာ နီရဲနေသောအသီးများ   မြေပြွေေါ်ကကျကာ   မိုးဦးကျကာလတွင် အပင်များ ပေါက်ရောက်တတ်ပြီး မျိုးဆက် ပျံ့နှံ့လွယ်သည်။ ဝဥ” များ တူးဖော်ရာတွင် ပင်စည်နှင့်အရွက်များ  အဝါရောင်သန်းကာ အရွက်များ ညှိုးကျသည့် နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလတွင် စတင်တူး ဖော်နိုင်ပြီဖြစ် သည်။    “ဝဥ”ပင်များကို စိုက်ပျိုးရာတွင် ရေမဝပ်စေရန် သတိပြုရ သည်။ အရိပ်ကြိုက်သော အပင်မျိုးဖြစ်သော်လည်း အရိပ်ထူလျှင် အလင်းရရှိသည့်ဘက်သို့ အပင်များ ယိုင်သွားတတ်သည်။   “ဝဥ” အရွယ်အစား မတူညီကြဘဲ အကြီးဆုံးအရွယ်အစားများမှာ  တစ် ပိဿာခန့် ရှိသောဥများလည်း ရရှိတတ်သည်။ ရရှိသော “ဝဥ”များကို တူးဖော်ပြီး အရိပ်ရ  လေသလပ်ရာတွင် ထားရှိရသည်။ “ဝဥ”အစိုများ ကို အခြောက်လှန်းရန်အတွက် ပါးပါးလှီးရသည်။   လှီးဖြတ်ရာတွင် လက်များ ယားယံတတ်သောကြောင့် လက်အိတ်ဆွတ်ကာ လှီးဖြတ်ရ သည်။ “ဝဥ”များကို  အပြားညီအောင် ပါးပါးလှီးပြီး နေခြောက်လှန်း ပေးရသည်။  နေခြောက်လှန်းရာတွင် နှစ်ရက်ခန့် လှန်းရသည်။ “ဝဥ” အစို ခုနစ်ပိဿာခန့် အခြောက်လှန်းရာတွင်  အခြောက်တစ်ပိဿာ ခန့်သာ  ထွက်ရှိသည်။ “ဝဥ”ဈေးနှုန်းများအနေဖြင့်  အစိုတစ်ပိဿာ လျှင် ယခင်ပေါက်ဈေးနှုန်းများအနေဖြင့်  ကျပ် ၁၀ဝ၀ - ၂၀ဝ၀ ရရှိ သော်လည်း ယခုနှစ်တွင်  ကျပ်  ၅၀ဝ - ၇၀ဝ သာ ပေါက်ဈေးနှုန်းရရှိပြီး အခြောက်တစ်ပိဿာလျှင် ယခင်ဈေး ကျပ်  ၉၀ဝ၀ - ၁၂၀ဝ၀ ရရှိ သော်လည်း ယခုနှစ်တွင် ကျပ် ၅၀ဝ၀ - ၆၅၀ဝ ပေါက်ဈေးနှုန်းများ သာရရှိကြောင်း လေ့လာသိရှိရသည်။     
မျိုးစေ့ဈေးနှုန်းများအနေဖြင့် ကျပ် ၇၀ဝ - ၁၀ဝ၀ ပေါက်ဈေး နှုန်းများသာရှိသည်။ ဈေးကွက်များအနေဖြင့်   ပွဲစားများမှတစ်ဆင့် ရောင်းချရပြီး ချင်းပြည်နယ်မှ ထွက်ရှိသော  “ဝဥ”များကို ပိုမိုကြိုက် နှစ်သက်ကြောင်း သိရှိရသည်။   ယခင်က တောတောင်များအတွင်း သဘာဝပေါက်ပင်များသာရှိပြီး  ယခုအခါတွင် စိုက်ပျိုးရလွယ်ကူပြီး နိုင်ငံခြားဝင်ငွေ တိုးစေသည့်အပင်ဖြစ်သောကြောင့် မိမိ၏အိမ်ဝန်း များအတွင်းတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုများ  ပိုမိုများလာ ကြပြီဖြစ်သည်။“ဝဥ” စိုက်ပျိုးရာတွင် ပန်းခိုင်မှရရှိသော  မျိုးဥများကို လည်းကောင်း၊    မြေအောက်ရှိ ဥပွားများကိုခွဲယူ၍လည်းကောင်း၊ တစ်ပိဿာ ခန့်ရှိသော  ဥများကို   ခွဲခြမ်း၍လည်းကောင်း၊ အရွက်မှ  သီးသော မျိုးဥသီးများကိုလည်းကောင်း စိုက်ပျိုးနိုင်သည်။“ဝဥ” စားသုံးခြင်းအား ကျန်းမာရေးရှုထောင့်မှ ကြည့်ရှုမည် ဆိုပါက အမျှင်ဓာတ်ပါဝင်မှုများသောကြောင့်   အစာခြေဖျက်မှု အားကောင်းခြင်း၊   ခံတွင်းကျန်းမာရေးကို   ကောင်းမွန်စေသည်။ မျက်စိကျန်းမာရေးကို အထောက်အကူပြုကာ ဆီးချိုရောဂါသည်များ အနေဖြင့်လည်း စားသုံးနိုင်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေသည်။ အရေပြားချောမွတ်စေကာ ကိုယ်အလေးချိန် လျော့ကျစေသည့်အပြင် အမျိုးသမီးများ ဓမ္မတာလာစဉ် ခံစားရတတ်သည့် ဝေဒနာများကို လျော့ကျစေသည့်အတွက်   စားသုံးရန်သင့်တော်ပြီး ကျန်းမာရေး ကောင်းကျိုးများကိုသာ ရရှိသည့် ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ် သည်။     
“ဝဥ” သည် စားသောက်ကုန်များ၊ စက်မှုကုန်ကြမ်းများ၊ အလှ ကုန်ပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်ရာတွင်လည်းကောင်း ၊ တိရစ္ဆာန် အစာအဖြစ်လည်းကောင်း အသုံးပြုကြပြီး   မုန့်ပဲသရေစာများဖြစ် သည့် ဂျယ်လီများ၊ ခေါက်ဆွဲများအဖြစ်လည်း ထုတ်လုပ်ရောင်းချနေ သည်ကို တွေ့ရှိရသည်။ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၊ မျက်နှာ ပေါင်းတင်ဆေးများ၊ ဆီးချိုရောဂါကုသဆေးများ၊  ဝမ်းရောဂါဆေး များ၊ သွေးတိုးရောဂါကုဆေးဝါးများ ထုတ်လုပ်ရာ တွင်လည်း ပါဝင် ပစ္စည်းများအဖြစ် အသုံးဝင်သောအပင်မျိုးဖြစ်သည်။  ချင်းပြည်နယ် မင်းတပ်မြို့၊ ထင်းချောင်းအနီးတွင် ချင်းပြည် နယ်၏အကြီးမားဆုံးသော “ဝဥ” အခြောက်ခံစက်   စက်ရုံကြီးကို ၂၀၁၉ခုနှစ်တွင် ဖွင့်လှစ်ထား ရှိပြီးဖြစ်သည်။  မင်းတပ်မြို့၊ မတူပီမြို့ နှင့် ကန်ပက်လက်မြို့များတွင် ဝဥစိုက်ပျိုးတောင်သူ  ၈၀ဝ ကျော်ရှိပြီး အသင်းအဖွဲ့များ ဖွဲ့စည်းထားရှိသည်ကိုလည်း လေ့လာသိရှိရသည်။
“ဝဥ”များ တင်ပို့ရောင်းချမည်ဆိုပါက   အခွန်ကင်းလွတ်ခွင့် ပြုထားခြင်းမှာ အားသာချက်တစ်ခုဖြစ်ပြီး  ရောင်းချရာတွင်လည်း ရောင်းလိုသူများအနေဖြင့်   လိုက်လံရောင်းချရခြင်းမျိုးမဟုတ်ဘဲ ဝယ်ယူသူများက အိမ်တိုင်ရာ အရောက် ဝယ်ယူကြသဖြင့် မျက်နှာပန်လှလှ ရောင်းပန်းဝင်သည့်အပင်မျိုးဖြစ်သည်။“ဝဥ”ပင်သည် စိုက်ပျိုးချိန်မှ တူးဖော်ရသည့်အချိန်ထိ ခြောက် လခန့်သာ ကြာမြင့်ပြီး ကာလတိုအပင်မျိုး ဖြစ်သောကြောင့် မိသားစု အပိုဝင်ငွေအနေဖြင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် အပင်ဖြစ်ခြင်းကြောင့် စနစ်တကျစိုက်ပျိုးလျှင် အကျိုးဖြစ်ထွန်းမှု ပိုမိုများပြားကာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ပျိုးနိုင် ပါက  ပိုမိုသင့် တော်သောကြောင့် “ဝဥ” စိုက်ပျိုး ဝင်ငွေတိုး ဆိုသည့် အမည်နှင့်လိုက်ဖက်အောင်   ဝင်ငွေရရှိသောအပင်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။