Main menu

Background

စလင်းမြို့နယ် အင်ကျင်းပင်လှကျေးရွာမှ ဝါစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှု အခြေအနေ

Thu, 09/29/2022 - 13:01 -- journal_editor

စလင်းမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်း တွင် တည်ရှိပြီး သီးနှံစုံစိုက်ပျိုးဖြစ်ထွန်းသော မြို့ဖြစ်သည်။ စလင်းမြို့တွင်  ဝါကို စလင်းမြို့ အနောက်ဘက်ကုန်းမြင့် ဒေသနှင့် ယာမြေတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၂ ခုနှစ်တွင် ဧက ၁၅၀ဝ၀ ခန့် စိုက်ပျိုးထားရှိသည်။  ဝါအဓိက စိုက်ပျိုးကြသော စလင်းမြို့နယ် အင်ကျင်းပင်လှကျေးရွာရှိ တောင်သူ ဦးတင်ဆန်းနှင့်တွေ့ဆုံပြီးဝါစိုက်ပျိုးထွက်ရှိမှု အခြေအနေအား ကွင်းဆင်းမေးမြန်းမှုအရ အင်ကျင်းပင် ကျေးရွာတွင် တောင်သူ ၁၂၀ ခန့်  စိုက်ပျိုးထားရှိပြီး ကျေးရွာ အနေဖြင့် ဝါဧက ဧက ၇၅၀ စိုက်ပျိုးကြောင်း၊ ဝါစိုက်တောင်သူ များအနေဖြင့် ငွေခြည်(၆)၊ ငွေခြည်(၈)၊ ငွေခြည် (၁၀)၊ ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ RAKA  (၆၆၆) ဝါမှာ အထွက် နှုန်းအောင်မြင်ပြီး ဈေးနှုန်းရရှိကြောင်း ဝါစိုက်တောင်သူထံမှ သိရှိရသည်။
နှစ်စဉ် ဇူလိုင်လလယ်တွင် စိုက်ပျိုးကြပြီး စိုက်ပျိုးပြီး ရက်ပေါင်း ၁၀ဝ-၂၀ဝ ခန့်တွင် အပြီးခူးဆွတ်ရသည်။ ယခင် နှစ်က ဝါ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ် ၂၅၀ဝ၀ဝ ကုန်ကျပြီးအကျိုးအမြတ်အနေဖြင့် ကျပ် ၂၀ဝ၀ဝ၀ ခန့်ရရှိကြောင်း၊ မြေအနေအထား၊ ရာသီဥတုနှင့် သွင်းအား စုပေါ်မူတည်၍ ဝါ တစ်ဧက ၇-၁၀ ကြိမ်ထိ ခူးဆွတ်ရပြီး တစ် ကြိမ်လျှင် ၄၀-၅၀ ပိဿာရရှိကာ ဝါတစ်ဧကလျှင် ပျမ်းမျှ ၃၅၀ ပိဿာထွက်ရှိ၍ ယခင်နှစ်က ဝါသီးနှံ အနိမ့်ဆုံး ကျပ် ၁၅၀ဝ ရခဲ့ကြောင်း ထွက်ရှိလာသော ဝါများကို မြို့ပေါ်ရှိပွဲရုံ များနှင့် စလင်း၊ ပွင့်ဖြူ၊ မိတ္ထီလာ၊ မန္တလေး စသည့်မြို့များရှိ ဝယ်လက်များက လာရောက်ဝယ်ယူကြောင်း၊ ယခုနှစ်ဝါစိုက်ပျိုး ကာလတွင် ရာသီဥတုကောင်းမွန်ခြင်း၊ မိုးရွာသွန်းမှုအကြိမ်ရေများခြင်း၊ မှိုရောဂါနှင့်ပြရောဂါများ ကျ ရောက်မှုနည်းပါး ခြင်းတို့ကြောင့် အထွက်နှုန်းကောင်းနိုင်ပြီး ယခင်နှစ်ကထက် အထွက်နှုန်းပို၍ ရရှိနိုင်သည့်အပြင် လက်ရှိဝါ တစ်ပိဿာ ကျပ် ၂၀ဝ၀ ကျော်ဖြစ်၍ အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ် ကြောင်း ဝါစိုက်တောင်သူ ဦးတင်ဆန်းထံမှ သိရှိရသည်။
ဆန်းလင်းမောင်(စလင်း)