Main menu

Background

မြန်မာ့ကော်ဖီကုန်ကြမ်း ၇၅ ရာခိုင်နှုန်း ပြည်ပသို့ တင်ပို့နိုင်ခဲ့

Fri, 11/11/2022 - 15:22 -- journal_editor

ယခုနှစ်အတွင်း   မြန်မာ့ကော်ဖီကုန်ကြမ်း ၇၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ကော်ဖီရာသီက ထွက်ရှိသည့် ကော်ဖီကုန်ကြမ်းများကို  ပြည်ပသို့ တင်ပို့နိုင်ခဲ့သည့်အပြင် ပြည်တွင်း၌ပါ ရောင်းချနိုင်ခဲ့သည့်အတွက် လက်ရှိတွင် ကော်ဖီကုန်ကြမ်း လက်ကျန်မရှိတော့ကြောင်း ယင်းအသင်း နာယက ဦးရဲမြင့်က နိုဝင်ဘာ ၂ ရက်တွင် ပြောသည်။
ပြည်တွင်းမှ နှစ်စဉ်  ကော်ဖီတန်ချိန် ၈၀ဝ၀ မှ ၁၀ဝ၀ဝ ကြားထွက်ရှိကာ ၇၅ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ကော်ဖီတစ်တန်လျှင်အမြင့်ဆုံး ဈေး အမေရိကန်ဒေါ်လာ ၈၃၀ဝ ဝန်းကျင်မှ အနိမ့် ဆုံး ၅၅၀ဝ ဝန်းကျင်ရရှိခဲ့ကြောင်း ဦးရဲမြင့်က ပြော သည်။
“ကျွန်တော်တို့ ပြည်တွင်းမှာ မနှစ်ကထွက်တဲ့ ကော်ဖီကုန်ကြမ်းက ဒီနှစ်မှာ လက်ကျန် မရှိတော့ဘူး။ရာသီချိန်က ပြည်တွင်းကော်ဖီကုန်ကြမ်းတွေက အခု နိုဝင်ဘာကနေ စရတော့မယ်။ ကမ္ဘာ့ကော်ဖီစိုက်တဲ့နေရာတွေမှာက အထွက် နည်းတော့ ကျွန်တော်တို့ ကော်ဖီက ဒီနှစ်ရာသီမှာဈေးကောင်းရနိုင်တယ်”ဟု ၎င်းက ပြောသည်။
ကော်ဖီရာသီချိန်မှာ ယခု နိုဝင်ဘာလတွင် စတင်ပြီဖြစ်ရာ စိုက်ပျိုးချိန်တွင် ရာသီဥတု ကောင်းမွန်ခဲ့သောကြောင့် အထွက်နှုန်းကောင်းမွန်နိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ   အထူးတန်းဝင် Speciality Coffee ကို အမေရိကန်၊ ကနေဒါနှင့် အီးယူနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး အရည်အသွေးတစ်ဆင့်နိမ့် ကော်ဖီများကိုတော့ ဂျပန်၊ ကိုရီးယား၊ အာဆီယံနိုင်ငံများနှင့်  တစ်ကမ္ဘာလုံးသို့  တင်ပို့ လျက်ရှိကာ ထိုင်းနိုင်ငံမှလည်း  ဝယ်လိုအား မြင့်တက်လာကြောင်း သိရသည်။
“ပို့ကုန်အစားထိုးတင်ပို့မှုမှာ ကော်ဖီလုပ်ငန်းက အောင်မြင်မှုရလာတဲ့အတွက် အရည်အသွေးမြှင့်ထုတ်လုပ်ပြီး  ပြည်ပတင်ပို့နိုင်ဖို့ လိုတယ်။ တခြားနိုင်ငံတွေက မြန်မာ့ကော်ဖီကို ကုန်ချောထုတ်ပြီး ရောင်းနေကြတာဆိုတော့ ကျွန်တော် တို့က ကုန်ကြမ်းရောင်းစားနေရတဲ့ အနေအထားဖြစ်နေတယ်။ ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ကော်ဖီဖြစ်အောင် လုပ်ရမယ်”ဟု ဦးရဲမြင့် က ဆက်လက်ပြောကြားသည်။
မြန်မာ့ကော်ဖီကို Border Trade ၊ Normal Trade တို့ဖြင့် ပြည်ပသို့ တင်ပို့နေခြင်းဖြစ်ရာ ကုန်ကြမ်းအဆင့်မှ ကမ္ဘာ့အဆင့်မီ ကုန်ချောအဆင့် ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်ရေးအတွက် ကော်ဖီ စိုက်ပျိုးထုတ်လုပ်သောလုပ်ငန်းရှင်များ စည်းလုံးညီညွတ်ရန်နှင့်   ဌာနဆိုင်ရာများက ကူညီပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ၂၀၂၂ ခုနှစ် နိုဝင်ဘာမှ လာမည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြည်တွင်းမှ ကော်ဖီများ လှိုင်လှိုင်ပေါ်လာတော့မည်ဖြစ်ရာ ကော်ဖီ Export ရာသီဖြစ်သည့်  မတ်လမှ မေလ အတွင်း အမေရိကန်၊ နယ်သာလန်၊ သြစတြေးလျ၊ ဂျပန်၊   ကိုရီးယား၊  ပြင်သစ်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့သို့   ကော်ဖီတန်ချိန်  တစ်သောင်းဝန်းကျင် တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ပန်းဆု