Main menu

Background

အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် ထိုင်းက မြန်မာ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်လာ

Fri, 11/11/2022 - 15:27 -- journal_editor

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငါးလအတွင်း မြန်မာနိုင်ငံ၏ ဒေသတွင်း ကုန်သွယ်ဖက် အာဆီယံနိုင်ငံများထဲတွင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံက အဓိက ကုန်သွယ် ဖက်နိုင်ငံဖြစ်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှုမှာယခုဘဏ္ဍာနှစ် ငါးလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါးအထိ   ရှိနေပြီး ကုန်သွယ်မှုပမာဏ အများဆုံးပြုလုပ်ထားခြင်းဖြစ်သည်။
စင်ကာပူနှင့် ကုန်သွယ်မှုမှာတော့ ဒုတိယအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိကာ တတိယအနေဖြင့် အင်ဒိုနီးရှားနှင့် ကုန်သွယ်မှုပြုလုပ်ထားပြီး အမေရိကန်ဒေါ်လာ ၅၃၅ သန်းတန်ဖိုးရှိကြောင်း သိရသည်။
ထို့အတူ မလေးရှားနိုင်ငံနှင့်လည်း   ကန်ဒေါ်လာ ၄၉၃ ဒသမ ၆၅ သန်း၊ ဗီယက်နမ်နှင့် ကန်ဒေါ်လာ ၂၂၂ ဒသမ  ၅၆၈ သန်း၊ဖိလစ်ပိုင်နှင့်ကန်ဒေါ်လာ ၈၆ဒသမ ၄၃၃ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။
အလားတူ ကမ္ဘောဒီးယားနိုင်ငံနှင့်လည်း   ကန်ဒေါ်လာ ၃ ဒသမ ဝ၈၆ သန်း၊ ဘရူနိုင်းနှင့်  ကန်ဒေါ်လာ ၃၀ ဒသမ ၁၆၆ သန်း ကုန်သွယ်မှုရှိခဲ့ပြီး    လာအိုနိုင်ငံနှင့် ကုန်သွယ်မှုမှာတော့ ကန်ဒေါ်လာ ၁ သန်းအောက်သာရှိခဲ့ကာ ပမာဏ အနည်းဆုံး ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏စာရင်းများအရ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုမှာ  ငါးလတာကာလအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော်ရှိခဲ့ကြောင်း သိရသည်။ ယင်းပမာဏများမှာ နယ်စပ် ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် ကုန်သွယ်နိုင်ခဲ့သည့် ပမာဏများဖြစ်ပြီး  ပို့ကုန်တန်ဖိုး  ကန်ဒေါ်လာ ၁ ဒသမ ၉၂၇ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး  ကန် ဒေါ်လာ ၃ ဒသမ ၆၆၇ ဘီလီယံကျော်ရှိကာ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံနီးပါးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့လယ်ယာထွက်ကုန်၊ ရေထွက်ကုန်ပစ္စည်းများအပြင် သတ္တုတွင်းထွက်ပစ္စည်းများကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး အစားအသောက်နှင့် အဖျော်ယမကာများ၊ လျှပ်စစ်ပစ္စည်းများ၊ မော်တော်ယာဉ်များနှင့် လူသုံးကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
ပန်းဆု