Main menu

Background

သုံးနှစ်အတွင်း သကြားတန်ချိန် တစ်သန်းတင်ပို့နိုင်ရန် စက်ရုံလေးရုံ တိုးချဲ့တည်ဆောက်နေ

Fri, 11/11/2022 - 15:32 -- journal_editor

လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သုံးနှစ်တာကာလ အတွင်း ပြည်ပသို့ သကြားတန်ချိန် တစ်သန်းအထိ တင်ပို့နိုင်ရန် အတွက် စက်ရုံလေးရုံ တိုးချဲ့တည်ဆောက်နေကြောင်း  သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် စက်ရုံသစ်နှစ်ရုံနှင့် စစ်ကိုင်း တိုင်းဒေသကြီးတွင် စက်ရုံသစ်နှစ်ရုံ စုစုပေါင်းစက်ရုံ လေးရုံကိုတိုးချဲ့ တည်ဆောက်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ်တွင်   ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့်   နှစ်စဉ် သကြားတန်ချိန် ငါးသိန်းခန့် ထုတ်လုပ်လျက်ရှိကာ လေးသိန်းခွဲခန့်ကို ပြည်တွင်း၌ စားသုံးနေပြီး ပိုလျှံ သကြားတန်ချိန် ငါးသောင်းကို တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်ပ Export  ပုံမှန်သွားနေရပြီး ၆၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း လဲလှယ်ခွင့်ရရှိထားခြင်းကြောင့် အဆင်ပြေသည့် အနေအထားတစ်ခုဖြစ်ကြောင်း သိရသည်။
ယင်းအပြင် သကြားဈေးကွက်အနေအထားကြည့်မည်ဆိုပါ ကလည်း လာမည့်ရာသီတွင် စားသုံးသူနှင့်  တောင်သူများအားလုံး အဆင်ပြေမည့်ဈေးကွက်တစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။
ထို့ပြင် သကြားစက်ရုံပိုင်ရှင်များအနေဖြင့် ယခုနှစ် ကြံရာသီ အတွက် စက်ရုံအရောက်ဈေး  တစ်တန်လျှင် ကျပ် ၉၀ဝ၀ဝ အထိ ပေးဝယ်မည် ဖြစ်သောကြောင့် လာမည့်ရာသီတွင် သကြားဈေးကွက် ကောင်းမွန်လာနိုင်ကြောင်း သိရသည်။ ယခုနှစ်တွင် သကြားဈေးကောင်းရရှိနေသည့်အတွက် တောင်သူများအနေဖြင့်  ကြံကိုတိုးချဲ့စိုက်ပျိုးလျက်ရှိပြီး တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် လေးသိန်းခန့်ထွက်ရှိကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။
လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် ခေတ်မီသကြားစက်ရုံကြီး ၂၃ရုံ၊ အသေးစား၊ အလတ်စားသကြားစက်ရုံ ၁၂၉ ရုံရှိကြောင်း သိရ သည်။  ကြံစိုက်တောင်သူ စုစုပေါင်းအနေဖြင့် သုံးသိန်းကျော်အထက်တွင်ရှိနေပြီး ကြံစိုက်ဧက စုစုပေါင်း ၄ ဒသမ ၅ သိန်းကျော်ခန့်ရှိကာ ပိုမိုတိုးချဲ့စိုက်ပျိုးရန်အတွက်လည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပန်းဆု