Main menu

Background

ကုန်ပစ္စည်းများစစ်ဆေးရာ၌ ဘေးအန္တရာယ်များကို ချင့်ချိန်ဆုံးဖြတ်နိုင်သော နည်းပညာများအကြောင်းလေ့လာခြင်း(Methodology of risk assessment)

Mon, 11/14/2022 - 11:32 -- journal_editor

(ယခင်တစ်ပတ်မှအဆက်)
မြေစိုက်ကြိုးများကို မြေပြင်မှအထက် သုံးပေ(တစ်မီတာ)အထိ ပြွန်ပုံသဏ္ဌာန် လျှပ်ကာပစ္စည်းတစ်ခုခုဖြင့် ကာကွယ်ထားရမည်ဟု ဆိုပါသည်။ မြေစိုက်ကြိုးများ၏အရွယ်အစားမှာ  ၁၀ဂိတ်ထက်မငယ်သော ကြေးကြိုးများဖြင့် ပြုလုပ် ရသည်။ မြေစိုက်ကြိုးများ တပ်ဆင်ရာတွင် မြေစိုက်ကြိုးနှစ်ချောင်း သီးခြားစိုက်ရမည်ဟု လျှပ်စစ်ဓာတ်အား လုပ်ထုံးလုပ်နည်းတွင် ဖော်ပြထားသည်။
အိမ်သုံးလျှပ်စစ်ပစ္စည်းများ အသုံးမပြုမီတွင် မီးပလပ်ခေါင်းများသည်(Three Pin Plug)များတပ်ဆင်အသုံးပြုရပါမည်။ မိမိအသုံးပြုမည့် လျှပ်စစ်ပစ္စည်းနှင့် ဓာတ်အားပေါ်မူတည်ပြီး အင်ပီယာကို ရွေးချယ်ရမည်ဖြစ်ပါသည်။    မီးခလုတ်ဆော့ကက်(Socket)များအတွက် အသုံးပြုမည့်လျှပ်စစ်ပစ္စည်း၏ အုမ်းအားအပေါ်တွက်ချက်၍ မြေစိုက်ကြိုးများ တပ်ဆင်သင့်ပါသည်။
ဤအချက်များသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းစင်စေရေးအတွက် ဆွေးနွေးခြင်းအပိုင်းဖြစ်ပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများအနေဖြင့် လုပ်ငန်းရှင်များ အသိပညာပေးခြင်းနှင့် စားသုံးသူပညာ ပေးခြင်း ကဏ္ဍရပ်များတွင် လိုအပ်သလို အသုံးပြုရန် ဖြစ်ပါသည်။
စစ်ဆေးရေးအရာရှိများက စစ်ဆေးရမည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများအပိုင်း
စစ်ဆေးရေးအရာရှိများသည် ပညာရှင်များဖြစ်ရမည်ဆိုသည့် အဆိုသည် မှန်ကန်ကြောင်း တွေ့ရှိရပါသည်။ လက်တွေ့ကဏ္ဍတွင် လုပ်ငန်းရှင်အတော်များများသည် ၎င်းတို့၏လုပ်ငန်းအပေါ်တွင် တတ်ကျွမ်းနားလည်သူများ ဖြစ်ကြ ပါသည်။ သူတို့တတ်ကျွမ်းသော ကုန်ပစ္စည်းများအပေါ် စစ်ဆေးရေးအရာရှိများက ၎င်းကုန်ပစ္စည်းအပေါ် အားနည်းချက်များ ရှာဖွေစစ်ဆေးပေးသည့်အခါ တတ်ကျွမ်းနားလည်ရန် အရေးကြီးလှပါသည်။ ထို့ကြောင့် စစ်ဆေးအရာရှိ များမှ အိမ်သုံးလျှပ်စစ်ပစ္စည်းများ စစ်ဆေးသည့်အခါတွင် အောက်ပါအချက်များအပေါ် စစ်ဆေးနိုင်ရန် အကြံပြုပါသည်-
အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ ဒီဇိုင်းများ(Product design)
အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ ဒီဇိုင်းများသည်လည်း စားသုံးသူကို Risk(ဘေးအန္တရာယ်) အများဆုံးပေးနိုင်သည့် အကြောင်းရင်းဖြစ်ပါသည်။ အချို့သောထုတ်လုပ်သူများက ကုန်ပစ္စည်းအား လှပမှုနှင့်လွယ်လင့်တကူ ထုတ်လုပ်နိုင်ခြင်း အတွက် ထုတ်လုပ်တတ်ကြပါသည်။ ဘေးအန္တရာယ်ရှိနိုင်မှုအား ထည့်သွင်းမစဉ်းစားတတ်ကြပါ။ ဥပမာ- ရေချိုးခန်းသုံး ရေပူစက်များတွင်တပ်ဆင်သည့် ကွိုင်သို့ လျှပ်စစ်ဓာတ်အားပေးသည့် လျှပ်စစ်ကြိုးများနှင့် သတ္ထုကိုယ်ထည် ဆက်သွယ်မှုစနစ်တွင် ပါးလွှာသည့် လျှပ်ကာပစ္စည်းများဖြင့် ပြုလုပ်တတ်ကြပါသည်။ ပွတ်တိုက်မှုများရှိလာသည့်အခါတွင်လည်းကောင်း၊ ကွိုင်၏ အပူရှိန်ကြောင့်သော်လည်းကောင်း  ၎င်းလျှပ်ကာပစ္စည်းများ ပေါက်ပြဲပြီး ရေပူစက်၏ ကိုယ်ထည်သို့တိုက်ရိုက်ထိတွေ့ခြင်းမှ ဓာတ်အားယိုစီးမှုဖြစ်တတ်သည်။ သို့အတွက်ကြောင့် လျှပ်ကာပစ္စည်းသည် ကြွေ သို့မဟုတ် မာကြော၍ ရေနှင့်အပူချိန်ကိုခံနိုင်သော  လျှပ်ကာပစ္စည်းများဖြင့် ပြုလုပ်သင့်ပါသည်။ ခြောက်သွေ့ ရန်လည်း လိုအပ်ပါသည်။ ထိုနည်းတူစွာ လျှပ်စစ်မီးဖို၊ လျှပ်စစ်မီးပူ၊ ပန်ကာ၊ လေအေးပေး စက်၊ ရေခဲသေတ္တာ၊ ပန်းကန်ဆေးစက်၊ အပ်ချုပ်စက်၊ လျှပ်စစ်မီးအိမ်၊ လျှပ်စစ်မော်တာပါ တစ်ကိုယ်ရေသုံး ကျန်းမာရေးပစ္စည်းများ၏ တည်ဆောက်ပုံ၊ လျှပ်စစ်ဓာတ်အားပေးကြိုး၏ ပုံစံဒီဇိုင်းများ စစ်ဆေးသင့်ပါသည်။
လျှပ်စစ်ပစ္စည်းများ၏ ချို့ယွင်းမှုများ( Failure of product- defect)
စံချိန်စံညွှန်းမမီသော လျှပ်စစ်ပစ္စည်းများအသုံးပြုခြင်း၊ ၎င်းလျှပ်စစ်ပစ္စည်း၏ ဆက်သွယ်မှုပုံစံမမှန်ခြင်း၊ မသုံးသင့်သည့် ပစ္စည်းများအသုံးပြုခြင်း၊ အလှအပအတွက်သာထုတ်လုပ်ခြင်း စသည့် ပုံမှန်မမှန်သော ပစ္စည်းများ၏ ချို့ယွင်း ချက်ကြောင့် Risk ဖြစ်စေပါသည်။ ၎င်း Risk ကိုရှာဖွေတတ်ပြီး ပြုပြင်နိုင်အောင် ဆောင်ရွက်သင့်ပါသည်။
စားသုံးသူနှင့် လျှပ်စစ်ပစ္စည်းအကြား အပြန်အလှန် ဆက်နွှယ်မှု (Interaction between user and product)
လျှပ်စစ်ပစ္စည်းနှင့် ဓာတ်အားသည်လူကိုအကျိုးပြုသော အရာဝတ္ထုများဖြစ်သည်။ သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဟုပင် ခေါ်ဆိုနိုင်သည်။ တီထွင်သူများက လူ့အကျိုးအတွက် မျှော်မှန်း၍ ပြုလုပ်ကြခြင်းဖြစ်သဖြင့် မှန်ကန်စွာအသုံးပြုတတ်ရန် လိုအပ်ပါသည်။ အသုံးပြုပုံများကို ကုန်အညွှန်းအမှတ်အသားများဖြင့် တိတိကျကျဖော်ပြလေ့ရှိပါသည်။ လိုက်နာရန် စားသုံးသူ၏ တာဝန်ဖြစ်ပါသည်။ ကုန်အညွှန်းအမှတ်အသားဖော်ပြရန်  ထုတ်လုပ်သူ ၏ တာဝန်ဖြစ်ပြီး ၎င်းကုန်အညွှန်းအမှတ်အသားများ စစ်ဆေးရန် စစ်ဆေးရေးရာရှိများ၏တာဝန်ဖြစ်ကြောင်း ထပ်မံဖော်ပြလိုပါသည်။ စားသုံးသူသည် မိမိအသုံးပြုမည့်လျှပ်စစ်ပစ္စည်း၏အသုံးဝင်ပုံ၊ အသုံးပြုပုံနှင့် ဘေးအန္တရာယ်များ သိရှိရန်လွန်စွာမှ အရေးကြီးလှပါသည်။ လိုအပ်ပါက လျှပ်စစ်ပစ္စည်းများ၏ အကြောင်းကို ပညာပေးခြင်းများ ဆောင်ရွက်နိုင်ရန် စစ်ဆေးရေးအရာရှိများ ပြင်ဆင်သင့် ပါသည်။
ကုန်ပစ္စည်း တစ်ခုနှင့်တစ်ခုအကြား အပြန်အလှန်ဆက်နွှယ်မှု(Interaction between different products )
လျှပ်စစ်ပစ္စည်းများသည် အခြားလျှပ်ကူးပစ္စည်းများနှင့်ထိတွေ့၍မရသော ပစ္စည်းများဖြစ်ကြပါသည်။  ဤအတွက်ကြောင့် ဓာတ်အားရှိနေသော လျှပ်စစ်ပစ္စည်းများတည်ဆောက်ထားသိုပုံက အလွန်အန္တရာယ်ကြီးသည်။ အလွန် အားများသော လျှပ်စစ်ဓာတ်အားသည် ၎င်း၏ စက်ကွင်းအတွင်းရှိ ဓာတ်အားကူးစက်နိုင်ပြီး မလိုလားအပ်သည့် ပျက်စီးထိခိုက်မှုများဖြစ်ပေါ်စေနိုင်သည်။ ဒီဇိုင်းနှင့်ဆက်စပ်မှုရှိသော်လည်း တစ်ခါတစ်ရံတွင် အမှတ်တမဲ့ လျှပ်စစ် ဓာတ်အားရှိသော ပစ္စည်းနှင့် အခြားလျှပ်ကူးနိုင်သောပစ္စည်းများ ပူးထားမိခြင်း၊ တိုက်မိစေခြင်း၊ ထိမိစေခြင်း  စသည့်အခြေအနေတစ်ခုခုကြောင့် ထိခိုက်မှု၊ ပျက်စီးဆုံးရှုံးမှုနှင့် ဘေးအန္တရာယ်များ ဖြစ်စေနိုင်ပါသည်။
အသုံးပြုသူ၏ အပြုအမူ (Behaviour of user)
ဓာတ်အားရှိသည့် လျှပ်စစ်ပစ္စည်းသည် အမှားမခံသော အခြေအနေတစ်ရပ်ဖြစ်သည်။ ကုန်အညွှန်းအမှတ်အသားများတွင် မည်ကဲ့သို့ သတိပေးထားစေကာမူ စားသုံးသူသည် ကလေးသူငယ်ဖြစ်နေခြင်း၊ စိတ်ရူးသွပ်သူဖြစ်နေခြင်း၊ အသက်အရွယ်အရ မလှုပ်နိုင်သည့် လူအိုဖြစ်နေခြင်း၊ နာမကျန်းဖြစ်၍ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ခြင်း စသည့်အခြေအနေများဖြစ်နေပါက လျှပ်စစ်ဓာတ်အား အသုံးပြုရာတွင် အန္တရာယ်အလွန်များပါလိမ့်မည်။ သူတို့သည်  ခလုတ် ဖွင့်ခြင်း တစ်ခုသာလုပ်နိုင်ပါလိမ့်မည်။ ဘေးအန္တရာယ်ရှိ၍ လျှပ်စစ်ခလုတ်ပြန်ပိတ်ခြင်း၊ လျှပ်ကာပစ္စည်းများဖြင့် ကာကွယ်ခြင်းများ ပြုလုပ်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် လျှပ်စစ်ဓာတ်အား၏ Risk များသည် အသုံးပြုသူ၏ အပြုအမူနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။ ၎င်းအတွက် ကာကွယ်ရန်မှာ ၎င်းတို့အတွက် အနီးကပ် ကျန်းမာသန်စွမ်းသူ တစ်ဦးဦးရှိနေခြင်းအားဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
ကျမ်းကိုးကားစာအုပ်
-    လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းစာအုပ်
    ( မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း)
ခမ်လျန်စွမ်း