Main menu

Background

(၂၅) ကြိမ်မြောက်  အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ  ကျင်းပ  

Tue, 12/13/2022 - 10:45 -- journal_editor

(၂၅) ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးနှင့်  ဆက်စပ်အစည်းအဝေးများကို နိုဝင်ဘာ ၂၁ ရက်မှ ၂၃ရက်အထိ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေး ကော်မရှင်အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာနမှ  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊   ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။  အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်ဖြစ်သည့် ဂျာမနီအခြေစိုက်နည်းပညာထောက်ပံ့ပေးသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(၂၅)ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများတွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများက အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးရာဝန်ကြီးများ အထူးအစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ၊ သုံးကြိမ်မြောက် အဆင့်မြင့်စီးပွားရေးအရာရှိများ အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ၊ (၁၃) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကော်မတီလုံးဆိုင်ရာ အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များ၊ (၂၁)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်းအဝေး၏  ဆွေးနွေးဆုံးဖြတ်ချက်များ၊ အကြိမ်(၄၀)နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများတွင် အာဆီယံခေါင်းဆောင်များ ဆွေးနွေးဆုံးဖြတ်ခဲ့သည့်အချက်များ စသည်တို့ကို အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူက အာဆီယံစားသုံးသူကာကွယ်ရေး   မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၂၅)အရ ၂၀၂၂ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များဖြစ်သည့်  အာဆီယံစားသုံးသူ အကျိုးသက်ရောက်မှု အကဲဖြတ်သည့်လမ်းညွှန်ချက်  ရေးဆွဲခြင်းနှင့် အာဆီယံအီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေးလမ်းညွှန်ချက် ရေးဆွဲခြင်းလုပ်ငန်းတို့၏  တိုးတက်မှုအခြေအနေများ၊  ၂၀၂၃ ခုနှစ် တွင်  ဦးစားပေးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်သတ်မှတ်ထားသည့် အာဆီယံတရားမျှတမှုမရှိသော စာချုပ်စာတမ်း ဝေါဟာရများဆိုင်ရာ လမ်းညွှန်ချက်ရေးဆွဲသည့်လုပ်ငန်းစဉ်အကြောင်း စသည်တို့ကို အကျဉ်းချုပ် ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအပါအဝင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံများက နိုင်ငံအလိုက် ပြဋ္ဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ၊  ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားနေမှုကာလတွင်   စားသုံးသူကာကွယ်ရေးအဖွဲ့အစည်းများမှ ဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ စသည်တို့ကို     နိုင်ငံအလိုက် ရှင်းလင်းတင်ပြခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံအဆင့်မြန်မာနိုင်ငံ စားသုံးသူ စွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း ကောက်ယူနေမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်း၊  မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံ ကြော်ငြာနှင့် ကိန်းဂဏန်းအချက်အလက် ကာကွယ်ထိန်းသိမ်းမှုကဏ္ဍတွင်‌ ကောင်းမွန်သော စားသုံးသူကာကွယ်ရေး အလေ့အထများ ကျင့်သုံးမှုဆိုင်ရာ သင်ရိုးနှစ်ခုနှင့်စပ်လျဉ်း၍ ကျွမ်းကျင်ပညာရှင်များ နှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ   တွေ့ဆုံဆွေးနွေးမည့်အချိန်အား ညှိနှိုင်းခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။
နိုဝင်ဘာ ၂၃ ရက်တွင် ဆက်စပ်အစည်းအဝေးများအဖြစ် (၄)ကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီနှင့် အာဆီယံစားသုံးသူအသင်းအဖွဲ့ ကွန်ရက်တို့အကြား ဆွေးနွေးပွဲ၊ (၄)ကြိမ်မြောက် အာဆီယံ-သြစတြေးလျ-နယူးဇီလန်လွတ်လပ်သော ကုန်သွယ်မှု ဒေသစားသုံးသူရေးရာ အစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲ၊ (၈)ကြိမ်မြောက် အာဆီယံ-ဂျာမန် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီအစည်းအဝေး စသည်တို့ကို ကျင်းပခဲ့သည်။ ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါက်တာမိုးမိုးသွယ်က အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ညွှန်ကြားရေးမှူးများနှင့်ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအဖွဲ့ဝင်နိုင်ငံများမှ   ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များဖြစ်သည့် ဂျာမနီအခြေစိုက်နည်းပညာထောက်ပံ့ပေးသည့် အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ အာဆီယံ-သြစတြေးလျ-နယူးဇီလန်   လွတ်လပ်သော ကုန်သွယ်မှုဒေသ  စားသုံးသူကာကွယ်ရေးအစီအစဉ်အား  ဆောင်ရွက်နေသည့် တာဝန်ရှိသူများ၊ အာဆီယံစားသုံးသူ အသင်းအဖွဲ့ကွန်ရက်မှ   ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
    (၄)ကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီနှင့် အာဆီယံစားသုံးသူ အသင်းအဖွဲ့ကွန်ရက်တို့အကြား ဆွေးနွေးပွဲတွင် အာဆီယံစားသုံးသူ အသင်းအဖွဲ့ကွန်ရက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက ကိုဗစ် (၁၉)ရောဂါ  ဖြစ်ပွားနေစဉ်ကာလတွင် စားသုံးသူကာကွယ်ရေးအသင်းအဖွဲ့များမှ ဆောင်ရွက်ပေးနေသည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအကြောင်းနှင့်  အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်မှုတွင် စားသုံးသူများအား ကာကွယ်ပေးမှု   အခြေအနေများကို နိုင်ငံအလိုက် ရှင်းလင်းတင်ပြခြင်း၊ (၄) ကြိမ်မြောက် အာဆီယံ-သြစတြေးလျ-နယူးဇီလန်  လွတ်လပ်သော ကုန်သွယ်မှု ဒေသ စားသုံးသူရေးရာအစီအစဉ်ဆိုင်ရာ  ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသည့် တာဝန်ရှိသူများက စားသုံးသူရေးရာ အစီအစဉ်(၁)အရ ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့်  အစီအစဉ်(၂)အရ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းနှင့် (၈)ကြိမ်မြောက် အာဆီယံ- ဂျာမန်   ပူး ပေါင်းဆောင်ရွက်ရေး  စီမံကိန်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် တာဝန်ရှိ သူများက   အာဆီယံစားသုံးသူကာကွယ်ရေး   မဟာဗျူဟာ လုပ်ငန်း စီမံချက် (၂၀၂၅)ပါ  လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး  နှစ်အလိုက် ဦးစားပေးထောက်ပံ့ပေးနေသည့် လုပ်ငန်းများအား  ရှင်းလင်းတင်ပြခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြသည်။ 
မြန်မာနိုင်ငံသည် အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ အာဆီယံစားသုံးသူကာကွယ်ရေး မဟာဗျူဟာလုပ်ငန်းစီမံချက် (၂၀၂၅)ပါ လုပ်ငန်းစဉ်များကို အဖွဲ့ဝင်နိုင်ငံများနှင့်တူ လိုက်ပါဆောင်ရွက်လျက်ရှိသည်။ 
အာဆီယံ စားသုံးသူ စွမ်းဆောင်နိုင်မှုအညွှန်းကိန်း  စစ်တမ်းကောက်ယူရာတွင်  အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ လိုက်ပါဆောင်ရွက်ရန် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ခြင်း၊ အာဆီယံ ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် စားသုံးမှုဆိုင်ရာ သင်ရိုးညွှန်းတမ်းတွင်ပါရှိသည့်အချက်အလက်များအား အသိပညာပေး ဆောင်ရွက်ခြင်း၊ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသည့် စားသုံးသူတိုင်ကြားမှုစနစ်နှင့်  အွန်လိုင်းမှတစ်ဆင့် လေ့လာနိုင်သော စားသုံးသူကာကွယ်ရေးဆိုင်ရာ သင်ခန်းစာများနှင့်စပ်လျဉ်း၍ စားသုံးသူများသိရှိအောင် ဆောင်ရွက်ခြင်းနှင့် ကြော်ငြာနှင့် ကိန်းဂဏန်းအချက်အလက် ကာကွယ်ထိန်းသိမ်းမှုကဏ္ဍတွင်‌ ကောင်းမွန်သော စားသုံးသူကာကွယ်ရေးအလေ့အထများ ကျင့်သုံးမှုဆိုင်ရာ သင်ရိုးများရေးဆွဲပြုစုခြင်း စသည်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
PZCTH(DOCA)