Main menu

Background

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Tue, 12/13/2022 - 14:24 -- journal_editor

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာနများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သိရှိပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေး၊ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာကိစ္စရပ်များနှင့်  ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂) ကို    နိုဝင်ဘာ ၁၉ ရက်  နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။  
ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးအပါအဝင် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် တာဝန်ယူ ဆောင်ရွက်နေကြသည့် လုပ်ငန်းများအပေါ် အောင်မြင်အောင် ဆောင်ရွက်သွားရေး၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများအနေဖြင့်လည်း မိမိတို့ တာဝန်ကျရာနေရာဒေသများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊MSMEsဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တတ်စွမ်းသမျှ ဝိုင်းဝန်းလုပ်ဆောင်သွားကြရန်၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ရေး၊ ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအားဖြင့် ပိုမိုကောင်းမွန်ထိရောက်ပြီး ရလဒ်ထွက်ပေါ်စေနိုင်သည့် ဝန်ဆောင်မှုများပေးရေး၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ တိုးတက်စေရန်အတွက် ပြည်တွင်းလုပ်ငန်းများ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများကို  အားပေးမြှင့်တင် ဆောင်ရွက်ရေးနှင့် တိုးမြှင့်နိုင်အောင် ဆောင်ရွက်ရေးကိစ္စရပ်များ၊ အရည်အသွေးပြည့်ဝသော ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းများဖြစ်ပေါ်စေရေး၊ ဌာနရှိ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ရေးအတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကိုဗစ်(၁၉)ကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ကုစားနိုင်ရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏  လူမှုအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင်တစ်ရပ် ဖြစ်ပေါ်စေရေး၊ အမည်ခံမဟုတ်ဘဲ ထုတ်လုပ်မှု/ဝန်ဆောင်မှုလုပ်ငန်းများတိုးတက် ဖြစ်ပေါ်စေရေးမှတစ်ဆင့် နိုင်ငံ့စီးပွားရေးအား ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းစီးပွားရေး  ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံ၏ စီးပွားရေးပေါင်းစည်းမှု လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က   ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ပေါင်းစပ်ဆောင်ရွက်ရန်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။ 
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရုံးချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ ဒေသ၏ စီးပွားရေးဝန်းကျင် ကောင်းမွန်အောင် ဆောင်ရွက် သွားမည့်  အစီအမံများနှင့် ဝန်ကြီးဌာနနှင့် ရုံးချုပ်ကပံ့ပိုးရန် လိုအပ်ချက်များကိုလည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဌာန၏ အုပ်ချုပ်မှုလုပ်ငန်းများ၊ အာဆီယံ အပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ‌ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ 
လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးသို့ ဒုတိယဝန်ကြီး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးဌာနရှိ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။                                        
DICA