Main menu

Background

သုံးခွမြို့၌ တောင်သူပညာပေးသင်တန်းဖွင့် 

Tue, 12/20/2022 - 10:50 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ရာသီ ပဲတီစိမ်းစိုက် တောင်သူများအတွက် GAP/GHP  နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန ကျွမ်းကျင်ပညာရှင်များက ပို့ချသော တောင်သူပညာပေးသင်တန်းကို ဒီဇင်ဘာ ၁၅ ရက်  နံနက် ၉ နာရီခွဲတွင် လက်ပံစံပြကျေးရွာ၊ လက်ပံကျေးရွာသစ်ခန်းမ၌ ကျင်းပခဲ့သည်။            

ရှေးဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုမ္ပဏီများကိုယ်စား Bright Light Co.,Ltd  မှ  မန်နေဂျင်းဒါရိုက်တာ ဦးမောင်မြင့်က ယနေ့ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးကွက်အခြေအနေများအား ရှင်းလင်းပြောကြားရာတွင် တောင်သူဦးကြီးများအနေဖြင့် ပဲတီစိမ်းအရည်အသွေး မြင့်မားပြီး နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ပိုးမွှားကင်းစင်ပြီး ပိုးသတ်ဆေးဓာတ်ကြွင်းနည်းပါးသည့် အရည်အသွေးကောင်းမွန်သော ပဲတီစိမ်းများထွက်ရှိရန် စိုက်ပျိုးစနစ်မှာ အရေးကြီးကြောင်းနှင့် မျှော်မှန်းထားသည့်ဈေးနှုန်း ရရှိစေလိုကြောင်း ပြောကြားခဲ့သည်။ 
ဆက်လက်၍  စိုက်ပျိုးရေးဦးစီးဌာနမှ   ကျွမ်းကျင်ပညာရှင်များက   ရာသီပဲတီစိမ်းစိုက် တောင်သူများအတွက်   GAP/GHP  နည်းစနစ်အတိုင်း စိုက်ပျိုးနိုင်စေရေး သင်တန်းဆက်လက်ပို့ချရာ တက်ရောက်လာသော တောင်သူဦးကြီးများက သိရှိလိုသည်များကို မေးမြန်း၍ တာဝန်ရှိသူများကလည်း ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အဆိုပါသင်တန်းအား ပဲတီစိုက် တောင်သူ ၁၁၅ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
DOCA (South)