Main menu

Background

အမှတ်တံဆိပ်မှတ်ပုံတင် (Trademark) လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများ

Tue, 12/20/2022 - 14:03 -- journal_editor

စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊  မူပိုင်ခွင့်ဦးစီးဌာနမှ  အကောင်အထည် ဖော်ဆောင်ရွက်ရမည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ(၂၀၁၉) အရ အမှတ်တံဆိပ် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးရရှိလိုသူသည် သတ်မှတ်ချက်များနှင့် အညီ  မူပိုင်ခွင့်ဦးစီးဌာန မှတ်ပုံတင်အရာရှိထံ လျှောက်ထားရမည်ဖြစ်သည်။ ထိုသို့လျှောက်ထား နိုင်မည့်နေ့ရက်ကို  ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
အမှတ်တံဆိပ်  လျှောက်ထားလိုသူသည် ဦးစီးဌာနက သတ်မှတ်ထားသည့် အီလက်ထရွန် နစ် စနစ်ဖြင့် လျှောက်ထားခြင်း၊ မူပိုင်ခွင့်ဦးစီးဌာနသို့  လူကိုယ်တိုင်  လာရောက်လျှောက်ထားခြင်း၊ နိုင်ငံတော်က  အသိအမှတ်ပြုထားသည့် စာပို့ လုပ်ငန်းတစ်ခုခုမှ ပေးပို့လျှောက်ထားခြင်းစသည့် နည်းလမ်းများဖြင့် လျှောက်ထားနိုင်မည်ဖြစ်သည်။ အမှတ်တံဆိပ်  မှတ်ပုံတင်လျှောက်ထားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံကို အသုံး ပြုပြီး မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာ ဖြင့်ရေးသား၍ လျှောက်ထားရမည်ဖြစ်သည်။
အမှတ်တံဆိပ် မှတ်ပုံတင်ပေးရန် လျှောက် ထားသူများအနေဖြင့်  လျှောက်ထားချက်တွင် မှတ်ပုံတင်ပေးရန်  တောင်းဆိုချက်၊ လျှောက်ထား သည့်လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်ဖွဲ့စည်းထားသော  အဖွဲ့အစည်း၏ အမည်နှင့် နေရပ်လိပ်စာပါရှိ ရမည်ဖြစ်ပြီး  ကိုယ်စားလှယ်ခန့်အပ်၍ လျှောက်ထားခြင်းဖြစ်လျှင် ကိုယ်စားလှယ်၏အမည်၊ နေရပ် လိပ်စာနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ပါရှိရမည်ဖြစ်သည်။ 
ထို့ပြင် လျှောက်လွှာတွင် အမှတ်တံဆိပ် အတွက်  ရှင်းလင်းပြည့်စုံသော ဖော်ပြချက်ပါရှိရမည့်အပြင် အပြည်ပြည်ဆိုင်ရာ အမှတ်တံဆိပ် အမျိုးအစားအုပ်စုခွဲခြားခြင်း (Nice Classifica- tion) အားအခြေခံ၍ ခွဲခြားထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏ အမျိုးအစားများကို လည်း ရွေးချယ်ပေးရမည်ဖြစ်သည်။
အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားချက်တွင် အမျိုးအစားမျိုးစုံ (Multi Class) လျှောက်ထားနိုင်ပြီး ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု အမျိုးအစား (Class)အရေအတွက်အပေါ်မူတည် ၍ သတ်မှတ်သည့်  အခကြေးငွေများ ပေးသွင်ရ မည်ဖြစ်သည်။ သတ်မှတ်ထားသည့် အခကြေးငွေ များပေးသွင်း၍ လျှောက်ထားချက်တွင် ပါရှိသော လိုအပ်သည့် အခြေခံအချက်အလက်များ ပြည့်စုံ သည့် နေ့ရက်အား နိုင်ငံတော်တွင် အမှတ်တံဆိပ် မှတ်ပုံတင် လျှောက်ထားချက် တင်သွင်းသည့်နေ့  (Filing Date) အဖြစ် မှတ်ယူနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ စုံစမ်းသိရှိရသည်။

MOC(IR)