Main menu

Background

ဒီဇင်ဘာ ၁ ရက်မှ ၁၄ ရက်အတွင်း စတော့ရှယ်ယာတန်ဖိုး ကျပ်သန်း ၂၄၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Wed, 12/21/2022 - 11:08 -- journal_editor

ပြီးခဲ့သည့် ‌ဒီဇင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုးမှာ ကျပ် သန်းပေါင်း ၂၄၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှသိရသည်။

အဆိုပါကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၃၂၆၇၇ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၂၄၂ ဒသမ ၉၆ သန်း ရှိခဲ့ခြင်းဖြစ် သည်။

ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI) က အစုရှယ်ယာ ၇၉၆၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇၂ ဒသမ ၁၁ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစု ရှယ်ယာ ၁၅၇၄၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၂ ဒသမ ၁၄ သန်း ရရှိခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၄၀၈ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၁၃ သန်း၊ ပထမပုဂ္ဂလိကဘဏ်(FPB) က အစု ရှယ်ယာ ၅၄၂၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၀၃ ဒသမ ၉၉ သန်း ရရှိခဲ့သည်။

ထို့အတူ TMH Telecom Public (TMH)  က အစုရှယ်ယာ ၄၆၇ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၂၁ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၁၂၀၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုးကျပ် ၃ ဒသမ ၁၉ သန်း၊ Amata Holding Public Co.,Ltd. (AMATA)  က အစုရှယ်ယာ ၁၄၆၂ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇ ဒသမ ၁၉ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ပန်းဆု