Main menu

Background

ဖြူးမြို့နယ် ဇီးခင်ကျေးရွာမှ စဉ်းတီတုံးနှင့် သစ်သားယောက်မလုပ်ငန်း

Tue, 01/03/2023 - 15:18 -- journal_editor

တောင်ငူခရိုင် ဖြူးမြို့နယ် ခင်ရှည်ကျေးရွာအုပ်စု ဇီးခင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် သစ်သား စဉ်းတီတုံးနှင့် သစ်သားယောက်မများကို ရွာသူရွာသားများက ကိုယ်တိုင်လုပ်ကိုင်ကြသည်။ သစ်သားစဉ်းတီတုံးကို မန်ကျည်းသားဖြင့် ပြုလုပ်ရသည်။

မန်ကျည်းသားသည် အလွန်မာကျောပြီး ကြာရှည်ခံသောကြောင့် ဆန်ဖွတ်ရန် ကျည်ပွေ့များ၊ ဆီဆုံနှင့် ကြိတ်စက်များ၊ ထယ်များ၊ စူးများ၊ ဆောက်ရိုးများပြုလုပ်ရာတွင် ပိုမိုအသုံးဝင်သည့်အပြင် မီးဖိုချောင်သုံးပစ္စည်းဖြစ်သော စဉ်းတီတုံးနှင့် ယောက်မများ ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။

စဉ်းတီတုံးပြုလုပ်ရန်အတွက် မန်ကျည်းတစ်ပင်ကို  ၅၀ဝ၀ဝ ကျပ်ပေး၍ ဝယ်ယူရသည်။ လုပ်သားသုံးဦးဖြင့် အချိန်သုံးရက်ခန့်ကြာသည်။ မန်ကျည်းတစ်ပင်လျှင် ပုံမှန်အားဖြင့် စဉ်းတီတုံး  ၁၀ဝ မှ ၁၅၀ ခန့်အထိထွက်ရှိသည်။ ဈေးကွက်အတွင်း စဉ်းတီတုံးတစ်တုံးကို အကြီးအသေးအပေါ် မူတည်၍ ကျပ် ၁၀ဝ၀ မှ ၅၀ဝ၀ အထိ ရောင်းချရသည်။

စဉ်းတီတုံးပြုလုပ်ရာတွင် ပထမဦးစွာ မန်ကျည်းပင်ကို လိုအပ်သည့် အထူအတိုင်း လွှဖြင့် အပိုင်းပိုင်းဖြတ်ပြီး မျက်နှာပြင်ကို အချောကိုင်ရသည်။ ယခုအခါ ခေတ်မီစက်ပစ္စည်းများ တိုးတက်လာသောကြောင့် စက်များဖြင့် အလွယ်တကူ လှီးဖြတ်ကာ အချောကိုင်ကြသဖြင့် အချိန်ကုန် သက်သာသည်။ 

သစ်သားယောက်မ ပြုလုပ်ရာတွင်မူ ဆီးသားကို အသုံးပြုရသည်။ ဆီးပင်တစ်ပင်လျှင် သစ်သားယောက်မ  ၁၀ဝ မှ ၁၅၀ အထိ ရရှိသည်။ သစ်သားယောက်မ အကြီးအသေးပေါ် မူတည်၍ တစ်ချောင်းလျှင် ကျပ် ၅၀ဝ မှ ၅၀ဝ၀ အထိ ရောင်းချရသည်။ သစ်သားစဉ်းတီတုံးနှင့် သစ်သားယောက်မများကို အမြို့မြို့အနယ်နယ်သို့ ပို့ဆောင်တင်ပို့ရောင်းချရကြောင်း သစ်သားစဉ်းတီတုံးနှင့် သစ်သားယောက်မ လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

ခင်သန္တာဦး(ဖြူး)