Main menu

Background

တစ်ပင်လုံးအသုံးဝင်သည့်ပေါက်ပန်းဖြူ

Thu, 01/19/2023 - 12:12 -- journal_editor

ပေါက်ပန်းဖြူပင်သည် မြန်မာနိုင်ငံရှိ ဒေသအများအပြား၌ သဘာဝအလျောက် ပေါက်ရောက်သည့် အပင်တစ်မျိုးဖြစ်သည်။ ပေါက်ပန်းဖြူနှင့် ပေါက်ပန်းနီဟူ၍ နှစ်မျိုးရှိပြီး ဆေးဖက်ဝင်သော ပေါက်ပန်းဖြူမှာ လူအသိများ၍ ထင်ရှားသည်။ ပေါက်ပန်းဖြူရွက်ကို ကျေးလက်ဒေသနှင့် မြို့နေလူတန်းစားများက  တို့စရာအဖြစ် စားသုံးမှုများသည်။ အပင်လတ်အမျိုးအစားဖြစ်၍ အကိုင်းအခက်များ များပြားသည်။ အရွက်မှာ ရွက်ပေါင်းဖြစ်ပြီး အရွက်ရင်းနှင့် အရွက်ထိပ်ပိုင်းမှာ ဝိုင်းသည်။ ပန်းတစ်ခိုင်လျှင် အပွင့်နှစ်ပွင့်မှ လေးပွင့်အထိပါရှိသည်။ အပွင့်မှာ အဖြူနှင့်အနီ ဟူ၍ နှစ်မျိုးရှိပြီး အသီးမှာ အတောင့်ရှည်၍အစေ့များစွာရှိသည်။ မြန်မာ့စားစရာ တို့စရာများထဲမှာ ပေါက်ပန်းဖြူပွင့်ကို ကြော်စား၊ ချက်စား၊ ပြုတ်စား၊ သုပ်စား၊ ဟင်းချိုချက်ခြင်းတို့ဖြင့် မျိုးစုံပြုလုပ်၍ စားသုံးကြသည်။
ပေါက်ပန်းဖြူပင်ကို ရန်ကုန်မြို့တွင် တွေ့ဖူးသူ နည်းပါးပြီး နယ်ဘက်များတွင် နေရာအတော်များများမှာ ပေါက်ရောက်ကြသည်။ ပွင့်ဖတ်မှာ အသားထူပြီး အပွင့်မှာ တွဲလွဲပွင့်သည်။ အနံ့မရှိဘဲ ပေါက်ပန်းနီကို ပေါက်ပန်းဖြူလောက် များများစားစား တွေ့ရခြင်းမရှိပါ။ ပေါက်ပန်းဖြူပင်မှာ အရွက်သာမက အပွင့်၊ အစေ့၊ အခေါက်၊ အစေး၊ ဥ နှင့်အမြစ် စသည့် အစိတ်အပိုင်းများလည်း ဆေးဖော်စပ်ရာတွင် အသုံးဝင် ကြောင်း လေ့လာသိရှိရသည်။              

သင်းသင်းအောင်(ပြည်)