Main menu

Background

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

Fri, 01/20/2023 - 09:09 -- journal_editor

မူပိုင်ခွင့်ဆိုင်ရာ  အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီတွင်  နေပြည်တော် ရုံးအမှတ်(၅၂)ရှိ မူပိုင်ခွင့်ဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual  စနစ်ဖြင့် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး  စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ ရခိုင်တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ၊ SMEs လုပ်ငန်းရှင်များ စုစုပေါင်း ၁၉၅ ဦးက Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ စီးပွားရေးလုပ်ငန်းရှင်များ၊ စာပေယဉ်ကျေးမှုအဖွဲ့များအား မူပိုင်ခွင့်ဥပဒေများကို သိရှိနားလည်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး အဓိကအားဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် ကုန်အမှတ်တံဆိပ်ဆိုင်ရာ သိကောင်းစရာများ၊ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေဆိုင်ရာ အသိပညာဗဟုသုတများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊   မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့်  လုပ်ငန်းများ    အကောင်အထည်ဖော်  ဆောင်ရွက်နိုင်ရန်အတွက် အခြားဦးစီးဌာနများနည်းတူ  တိုင်းဒေသကြီး/ပြည်နယ်များတွင် ရုံးခွဲများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း၊ ရန်ကုန်(ရုံးခွဲ)နှင့် မန္တလေး(ရုံးခွဲ)များကို ဖွင့်လှစ်သွားရန် ဖွဲ့စည်းပုံတွင် ဖွဲ့စည်းထားရှိပြီး ယခုလက်ရှိ လုပ်ငန်းများကို ရုံးအမှတ်-၅၂၊ ရုံးချုပ် (နေပြည်တော်)တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ ၁ ရက်မှစ၍ မြန်မာနိုင်ငံ၏ ဈေးကွက်တွင် လက်ရှိအသုံးပြုနေသည့်  အမှတ်တံဆိပ်များကို ကြိုတင်လက်ခံလျက်ရှိကြောင်း၊ ကုန်အမှတ်တံဆိပ်များကို အီလက်ထရွန်နစ်စနစ်ဖြင့် လျှောက်ထားနိုင်ကြောင်း၊  ကောင်တာသို့ တိုက်ရိုက်လာရောက်လျှောက်ထားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု WIPO file စနစ်သည် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO) က ရယူအသုံးပြုသော စနစ်ဖြစ်ကြောင်း၊ အီလက်ထရွန်နစ်စနစ်ဖြင့် လျှောက်ထားနိုင်ရေးအတွက် WIPO file user account  ကိုယ်စားလှယ်များကို သင်တန်းများပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင်လည်း ထပ်မံသင်တန်းပေးသွားရန် ရည်ရွယ်ထားကြောင်း၊ ကိုယ်စားလှယ် ၆၀ဝ ကျော်ကို WIPO file user account  ဖွင့်လှစ်ပေးထားပြီးဖြစ်ကြောင်း၊ လျှောက်လွှာပေါင်း လေးသောင်းကျော်ကို ကြိုတင်လက်ခံရရှိ ထားပြီးဖြစ်ကြောင်း၊Soft Opening ဖွင့်လှစ်၍ ကြိုတင် လက်ခံထားသော အမှတ်တံဆိပ် လျှောက်ထားချက်များကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ရောက်ပြီးနောက်  တရားဝင်လက်ခံခြင်းအတွက် (Grand Opening)ဆောင်ရွက်သည့်နေ့ရက်တွင်  Filing Date ပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ သုံးကြိမ် ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း၊  ယခုတက်ရောက်သူများကိုလည်း မူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်စေရန် ရည်ရွယ်သည့်အပြင် မူပိုင်ခွင့်ဦးစီးဌာနနှင့် အဆက်အသွယ် မပြတ်ရှိစေရန် ရည်ရွယ်ကြောင်း၊  တက်ရောက်လာသူများ အနေဖြင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများတွင် သိရှိလိုသည့် အကြောင်းအရာများ၊ မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်များနှင့်ပတ်သက်၍ သိရှိလိုပါက မေးမြန်းနိုင်ကြောင်း၊  ဌာန၏Website  Facebook Page  များတွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် ယခုဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဝိုင်းဝန်းပူးပေါင်းခဲ့ကြသူများ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တက်ရောက်လာသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။ 
ထို့နောက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ စာပေနှင့် အနုပညာမူပိုင်ခွင့်ဌာနခွဲမှ  ညွှန်ကြားရေးမှူးက ဆွေးနွေးခဲ့ပြီး အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သော လျှောက်လွှာပုံစံများနှင့်စပ်လျဉ်း၍  ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးကရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူ ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းကြပြီး မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို မွန်းတည့် ၁၂ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း  သိရသည်။                                                                              
 IP