Main menu

Background

ပြည်ခရိုင်တွင် ဒေသထုတ်ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

Tue, 01/31/2023 - 16:38 -- journal_editor

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs  ဒေသထုတ်ကုန် ကုန်စည်ပြပွဲနှင့် Talk Show  စကားဝိုင်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီတွင် ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။ ထို့အတူ ဒေသထုတ်ကုန် ကုန်စည်ပြပွဲအားပြည်မြို့ယဉ်ကျေးမှုကဇာတ်ရုံ၌    ဇန်နဝါရီ ၁၅ ရက်မှ  ၁၇ ရက် အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs   ဒေသထုတ်ကုန်စည်ပြပွဲနှင့်Talk Show စကားဝိုင်းကို စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ စုစုပေါင်း ၁၄၀ ဦး တက်ရောက်ခဲ့သည်။ 
အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက်ရောက်အမှာစကားပြောကြားပြီး ပြသထားသော အရည်အသွေးမြှင့်ကုန်ထုပ်ပိုးမှု (packaging) စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး အေဂျင်စီ MSMEs ဒေသထုတ်ကုန်စည်ပြပွဲနှင့် Talk Show  စကားဝိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာ ဝန်ကြီး ဦးတင်ဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြစ်ကြသော အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန  ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၊  မြန်မာစီးပွားရေးဘဏ် ပဲခူးတိုင်းဒေသကြီး မန်နေဂျာ  စသည့်တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်သုံးဦးတို့က  ဒေသတွင်းMSMEs  ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ပါဝင်ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။ထို့အတူ  ဒေသထုတ်ကုန် ကုန်စည်ပြပွဲအခမ်းအနားကို ပြည်ခရိုင်၊ ပြည်မြို့ရှိ ယဉ်ကျေးမှု ကဇာတ်ရုံတွင် သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ သာယာဝတီခရိုင်မှခြောက်မြို့နယ်၊နတ်တလင်း ခရိုင်မှ လေးမြို့နယ်၊ပြည်ခရိုင်မှ လေးမြို့နယ် စုစုပေါင်း၁၄မြို့နယ်မှ လုပ်ငန်းရှင် ၃၅ ဦး၊ ဒေသထုတ်ကုန် ၃၅ မျိုးတွင် ပြခန်း ၃၅ ခန်း ဖြင့် ခင်းကျင်းပြသရောင်းချခဲ့သည်။ ထိုသို့ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်သို့ ပြည်မြို့နယ်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ လာရောက်ကြည့်ရှု ဝယ်ယူကြသည်။ 
ထိုသို့ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်စေရန် ကုန်စည်ပြပွဲများပြခန်းများ ကျင်းပဆောင်ရွက်ပေးခြင်းကြောင့် ထုတ်ကုန်များ၏ဈေးကွက် ပိုမိုရရှိလာနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသွင်းကုန်အစားထိုးအဖြစ် ပြည်တွင်း၌ ထုတ်လုပ်သည့်  လူသုံးကုန်၊ စားသောက်ကုန်၊ အဝတ်အထည်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ အကြီးစားစက်မှုလုပ်ငန်းများနှင့် ပြည်တွင်းရှိ MSMEs  နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် တန်ဖိုးမြှင့်ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ပြည်တွင်းရှိ ကုန်ကြမ်းများ အသုံးပြုပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များထုတ်လုပ်၍ ပြည်ပဝင်ငွေများ ရရှိနိုင်မည်ဖြစ်သည်။                        

ဝေဝေမင်း(ပြည်)