Main menu

Background

ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၀ ခု ထပ်မံခွင့်ပြု

Sat, 02/04/2023 - 23:25 -- journal_editor

ရန်ကုန်တိုင်းဒေသကြီးအတွင်း CMP လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၁၀ ခု ခွင့်ပြုပေးခဲ့ကြောင်း တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ဇန်နဝါရီ ၂၅ ရက်ကပြုလုပ်ခဲ့သည့် ကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု၊ စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုတို့ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းများမှာ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တပ်ဆင်ပြီး လျှပ်စစ်စွမ်းအင် ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်း၊ မြေပဲနှင့် နေကြာများကို ကြိတ်ခွဲပြီး ဆီထုတ်လုပ်ခြင်းနှင့် ဆီသန့်စင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ဆေးဆိုးပန်းရိုက် အဝတ်အထည်များကို ထုတ်လုပ်ပြီး ပြည်တွင်း CMP လုပ်ငန်းများကို ရောင်းချသည့်လုပ်ငန်း၊ အီလက်ထရွန်နစ် အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်း၊ ထုပ်ပိုးပစ္စည်းများကို ထုတ်လုပ်ပြီး ပြည်တွင်း CMP ဖိနပ်လုပ်ငန်းများကို ရောင်းချသည့်လုပ်ငန်း အစရှိသည့် လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ခြောက်ဘီလီယံခန့်၊ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ရှိပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၄၃၀ဝ ကျော် ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ပန်းဆု