Main menu

Background

အွန်လိုင်းမှ ရောင်းဝယ်မှုများတွင် စားသုံးသူနစ်နာမှုမရှိစေရေး ထိန်းကျောင်းမည့်လုပ်ငန်းစဉ်များ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Mon, 02/13/2023 - 11:25 -- journal_editor

အွန်လိုင်းမှ ရောင်းဝယ်မှုများတွင် စားသုံး သူအခွင့်အရေးများ အပြည့်အဝ  ရရှိစေရန်နှင့် အွန်လိုင်းမှ   ရောင်းဝယ်မှုများတွင်  စားသုံးသူ နစ်နာဆုံးရှုံးမှုများအား ကာကွယ်ဖြေရှင်း ဆောင် ရွက်ပေးနိုင်မည့် နည်းလမ်းများ ဖော်ထုတ်နိုင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာ ခန်းမ၌ ဇန်နဝါရီ ၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီ ၁၅ မိနစ်အထိ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့  စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ Myanmar Digital Economy Association ၊E-Commerce Association of  Myanmar  နှင့်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု  လုပ်ငန်းရှင်များအသင်းချုပ်တို့မှ ပါဝင်ဆွေးနွေးခဲ့ ကြသည်။
တက်ရောက်လာကြသော ဝန်ကြီးဌာနများ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ တတ်ကျွမ်းနားလည်သည့် ဘာသာရပ်ဆိုင်ရာ ပညာရှင် ၁၁ ဦးတို့က ဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာကြသော ပရိသတ်များထဲမှ မိမိတို့သိလိုသည့် အကြောင်းအရာများကို မေးမြန်း ဖြေကြားခြင်းများ ပြုလုပ်ကြသည်။
ဆွေးနွေးကြသော ဘာသာရပ်အလိုက် ပညာရှင်များမှာ ကုန်သွယ်ရေး ဦးစီးဌာန၊ စာရင်း ဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊  Myanmar Digital Economy Association  နှင့်E-Commerce Association of Myanmar တို့ ဖြစ်ကြကြောင်း သိရှိရသည်။
ဘာသာရပ်ဆိုင်ရာ ဆွေးနွေးမှုအပြီးမှာ စားပွဲဝိုင်းဆွေးနွေးခြင်း အဖွဲ့သုံးဖွဲ့ဖွဲ့၍ ဆွေးနွေးခဲ့ကြရာ အွန်လိုင်းမှ ရောင်းဝယ်မှုများအား မှတ်ပုံတင်စနစ်တစ်ရပ် ထူထောင်ရေး၊ မည်ကဲ့သို့ ထိန်းကျောင်းသင့်ကြောင်းနှင့် စားသုံးသူ တိုင်ကြားမှုများအား ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲရလဒ်များ ဖော်ထုတ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်အဆင့်သို့ ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲသို့  ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင် စုစုပေါင်း ၁၀၄ ဦးတို့  တက်ရောက်ကြကြောင်း သိရသည်။
ခမ်လျန်စွမ်း