Main menu

Background

ဟင်းခတ်အမယ် တစ်မျိုးဖြစ်သော အာပူရွက်

Mon, 02/13/2023 - 14:18 -- journal_editor

အာပူရွက်သည် ရခိုင်လူမျိုးများ အများဆုံး အသုံးပြုသော  ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည်။ အာပူရွက်ကို Urtica dioica ဟုခေါ်ပြီး လက်တင်စကားလုံး Uro မှ ဆင်းသက်လာသည်။ ပူနွေးခြင်းဟု အဓိပ္ပာယ်ရသည်။ 
အာပူရွက်ကို စားပါက ခေတ္တခဏ ပူနွေးစေသော ခံစားမှုကို ရရှိမည်ဖြစ်သည်။ အာပူရွက်အပင်ကို ရခိုင်ရိုးမ လမ်းမပေါ်ရှိ ချင်းရွာနှင့် ပုဂံကွဲရွာများတွင် အများဆုံးစိုက်ပျိုးထွက်ရှိသည်။ 
အာပူရွက်သည် တစ်ရာသီအပင်ဖြစ်ပြီး မြေပြန့်ဒေသများတွင် စိုက်ပျိုးလျှင် ဖြစ်ထွန်းမှုမရှိသော အပင်ဖြစ်ကြောင်း သိရှိရသည်။ အာပူရွက်ပင်သည် ပင်စိမ်းပင်နှင့် ပုံစံတူသည်။ အာပူရွက်ကို ရှေးယခင်ကာလတွေထဲက သဘာဝဆေးဖက် ဝင် အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြသည်။ အာပူရွက်ကို အခြောက်ခံရာတွင် အရိပ်အောက်၌ လေအေးအေးနှင့် အခြောက်ခံရသည်။ 
အာပူရွက်တွင် အမွေးပါးလေးများပါပြီး ထိမိပါက ယားယံသလို ခံစားရနိုင်သည်။  အာပူရွက်မှာ အရွက်ရော အမြစ်ပါ အာဟာရဓာတ်များ ပါဝင်သည်။ အာပူရွက်သည် ဗီတာမင်အနေဖြင့် A, C, K, B ဓာတ်များ  ပါဝင်နေသည်။ သတ္တုဓာတ်နေဖြင့် ကယ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဖော့စ ဖရိတ်၊ ပိုတက်ဆီယမ်၊ ဆိုရီယမ်ဓာတ်တို့ ပါဝင်သည်။ အဆီဓာတ်၊ အမိုင်နိုအက်စစ်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပမာဏကို  တိုးစေနိုင်သည်။ နာကျင်ကိုက်ခဲမှုကို သက်သာ စေသည်။ ဆီးကျိတ်ရောင်ခြင်းကို သက်သာစေပြီး ဆီးကျိတ် ထပ်မံ ကြီးထွားမလာရန်ကိုလည်း  ကာကွယ်ပေးသည်။ နှာခေါင်းတွင်း နံရံများကိုရောင်ရမ်းစေသည့် နှာခေါင်း ဓာတ်မတည့်မှုကို သက်သာစေသည်။ သွေးတွင်းသကြားဓာတ်ကို အထိရောက်ဆုံး ထိန်းညှိပေးသည်။ 
အာပူရွက်သည် nitric oxide ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး သွေးကြောနံရံတွေကို ဖြေလျော့စေပြီး သွေးကြောများကို ပွင့်စေဖို့ အကူအညီပေးနိုင်သည်။ ဈေးကွက်တွင် အာပူရွက် တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀ နှုန်းဖြင့် အရောင်းအဝယ် ဖြစ်ပြီး ဈေးဆိုင်များတွင် ကျပ် ၂၀ဝ တန်နှင့် ကျပ် ၃၀ဝ တန် အထုပ်များထုပ်၍လည်း ရောင်းချကြောင်း တွေ့ရသည်။ Super Market များတွင် တံဆိပ်များတပ်၍ သေသပ်လှပသော အထုပ်များ ထုပ်ပိုး၍လည်း ရောင်းချနေပြီဖြစ်ကြောင်း သိရ သည်။ 
ထိုသို့ ထုပ်ပိုးရောင်းချသော အာပူရွက်  တစ်ကျပ်သား တစ်ထုပ်လျှင် ကျပ် ၈၀ဝ နှုန်းဖြင့် ရောင်းချကြောင်း သိရှိရ သည်။ ထို့ကြောင့် အာပူရွက်ကို  စီးပွားရေးဈေးကွက်တွင် Packing လှလှဖြင့်စနစ်တကျ ထုပ်ပိုးရောင်းချလျှင် ဝင်ငွေ တိုးနိုင်မည်ဖြစ်သော ဟင်းခတ်အမယ်တစ်မျိုးဖြစ်ကြောင်း လေ့လာသိရှိရသည်။ အာပူရွက်ကို ရခိုင်ကြက်သောက်ဆမ်း၊ ငါးသောက်ဆမ်း၊ ရခိုင်မုန့်တီ၊ ငါးငပိချက်၊ ဆင်ခရမ်းချဉ်သီး ချက်တို့တွင် ထည့်၍ ချက်ပြုတ်စားသောက်ကြသည်။
ယဉ်သိမ့်နွေး(ပြည်)