Main menu

Background

ကျောက်ဖြူတွင်နှစ်တစ်ရာအကျိူးမျှော် ဝါးလက်မှုအခမဲ့သင်တန်း ပြုလုပ်မည်

Tue, 02/28/2023 - 15:54 -- journal_editor

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နှစ်တစ်ရာအကျိုးမျှော် ဝါး လက်မှုအခမဲ့ သင်တန်းကို နှစ်ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကိုNay Pyi Taw UNEC MM ကုမ္ပဏီလီမိတက်နှင့် Earth Vocational Training Center တို့ပူးပေါင်း၍ ကျောက်ဖြူမြို့ အရာရှိရပ်ကွက်တွင် လာမည့် မတ် ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် နှစ်ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ် သည်။
သင်တန်းကို ဒေသခံပြည်သူများ လူနေမှုဘဝမြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ  ရရှိစေရေး၊ သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသည့် ဒေသထွက် ဝါးများကို အခြေခံ၍ ဈေးကွက်ဝင် တန်ဖိုးမြှင့် လူ့အသုံးအဆောင်ပစ္စည်း များ ထုတ်လုပ်ခြင်းဖြင့် တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေ တိုးပွားစေရေး၊ အိမ်တွင်းမှုမှ သည် မြန်မာ့လက်မှုလုပ်ငန်းရှင်များ တိုးပွားလာစေရေး စသည့် ရည်ရွယ်ချက် များဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်  သင်တန်းတက်ရောက်ရန်အတွက် ကျောက်ဖြူမြို့ရှိ နေရာ ပေါင်းစုံမှ ဘွဲ့ရလူငယ်များ၊ တက္ကသိုလ်ဆရာ၊ ဆရာမများ၊ မူလတန်းပြဆရာ၊ ဆရာမများနှင့်  အထက်တန်းပြဆရာ၊ ဆရာမအပြင် အခြားလူငယ် ၄၀ ကျော် စာရင်းသွင်းထားကြသော်လည်း နေရာအခက်အခဲကြောင့် သင်တန်းသား ၂၅ ဦး ကိုသာ ရွေးချယ်သွားမည်ဖြစ်‌ကြောင်း သိရသည်။
ထိုသင်တန်းတွင် ဝါးဖြတ်တောက်ခြင်း၊ ဝါးနှီးဖြာခြင်း၊ ဝါးဖြင့် ဘော(လ်)ပင် ခွက် ပြုလုပ်ခြင်း၊ ဝါးမီးအိမ်ပြုလုပ်ခြင်း၊ ဓာတ်ပုံဘောင်ပြုလုပ်ခြင်း၊ ဝါးတစ်သျှူး ဘောက်စ်များပြုလုပ်ခြင်း၊ ပစ္စည်းများ QC စစ်ဆေးခြင်း၊ ပစ္စည်းများဆေးသုတ်ခြင်း စသည့် ဘာသာရပ်များကို သင်တန်းနည်းပြဆရာ၊ ဆရာမ လေးဦးတို့က သင်ကြား  ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍  အဆိုပါသင်တန်းကို ကျောက်ဖြူမြို့အပြင် စစ်တွေနှင့် တောင်ကုတ် စသည့်မြို့များတွင်လည်း ထပ်မံပို့ချသွားရန်ရှိကြောင်း သိရသည်။ 

ပန်းဆု