Main menu

Background

အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဆဌမအကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

Wed, 03/01/2023 - 14:59 -- journal_editor

အာဆီယံအသိုက်အဝန်း  ၂၀၂၅ အလွန်  မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၁ ရက်ထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိGrand Hyatt Hotel  ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံ တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ပြုလုပ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ (Eminent Persons)၊ အဆင့်မြင့် ကိုယ်စားလှယ်များ High Level Representatives)၊  ကိုယ်စား လှယ်များနှင့်   အာဆီယံ နိုင်ငံရေး-လုံခြုံရေး  အသိုက်အဝန်း ဒုတိယအတွင်းရေးမှူးချုပ်တို့  တက်ရောက်ခဲ့သည်။  အဆိုပါ အစည်းအဝေးသို့   အဆင့်မြင့်  လုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် ဦးဆောင်၍ မြန်မာနိုင်ငံ  အဆင့်မြင့်ကိုယ်စားလှယ်၊ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများ လိုက်ပါတက် ရောက်ခဲ့သည်။
အဆိုပါ  အစည်းအဝေးတွင်  အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်  မျှော်မှန်းချက်၌  ထည့်သွင်းမည့် အဓိကသွင်ပြင် လက္ခဏာများကို ဆွေးနွေးညှိနှိုင်းခြင်း၊  ပြီးပြည့်စုံပြီး အားလုံး အကျုံးဝင်သည့် မျှော်မှန်းချက် ပေါ်ထွက်လာရေးအတွက် ဒေသ တွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ကိစ္စ၊ ၂၀၂၃ ခုနှစ်အတွင်း အဆင့်မြင့်လုပ်ငန်းအဖွဲ့မှ ဆောင် ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များကိစ္စ၊ တီမောလက်စ်တေ နိုင်ငံအား  လေ့လာသူနိုင်ငံအဖြစ်   အဆင့်မြင့်လုပ်ငန်းအဖွဲ့အစည်း အဝေးသို့   စတင်ဖိတ်ကြားရေးကိစ္စ၊ ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပမည့် (၄၂)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြမည့် အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာနှင့် အကြံပြု တင်ပြချက်များ  ကိစ္စတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။ ထို့ပြင် အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် အာဆီယံနှင့် ဆက်စပ်အဖွဲ့ အစည်းများဖြစ်သည့်  ဂျကာတာမြို့အခြေစိုက်   အာဆီယံ ဖောင်ဒေးရှင်းနှင့် အာဆီယံငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ် ရေးဗဟိုဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့် သွင်းရေးဆွဲသင့်သည့်  ကိစ္စရပ်များအပေါ်  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက အာဆီယံအသိုက် အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံ များ၏  ဖွံ့ဖြိုးမှုကွာဟချက်ကို  ထည့်သွင်းစဉ်းစားရန် လိုအပ် ကြောင်း၊ ပြည်သူများကိုဗဟိုပြု၍ ဖွံ့ဖြိုးတိုးတက်မှုအား အထောက် အပံ့ပေးနိုင်သော  လက်တွေ့ကျသည့် မျှော်မှန်းချက်များဖြစ်ရန် လိုအပ်ကြောင်း၊  အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သော မမျှော်မှန်းနိုင်သည့် ကိစ္စများအား ခြုံငုံသုံးသပ်ပြင်ဆင်  ဖြည့်စွက် နိုင်ရေးအတွက် ကာလလယ် သုံးသပ်ချက်များကို ထည့်သွင်းရေး ဆွဲသင့်ကြောင်း ဆွေးနွေးခဲ့သည်။
လက်ရှိ အာဆီယံအသိုက်အဝန်း  (၂၀၁၅-၂၀၂၅)သည် မကြာမီပြီးဆုံးတော့မည်ဖြစ်ပါသဖြင့်  အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန်  မျှော်မှန်းချက်ရေးဆွဲရန် အဆင့်မြင့်လုပ်ငန်း အဖွဲ့ ဖွဲ့စည်းရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သည်။ အဆိုပါ အဆင့်မြင့်    လုပ်ငန်းအဖွဲ့ကို    အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြား ပုဂ္ဂိုလ်များနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသည်။

 

DICA