Main menu

Background

ရေနံထွက်ပစ္စည်း ကန်ဒေါ်လာ ၄ ဘီလီယံကျော်ဖိုး တင်သွင်းထား

Fri, 03/03/2023 - 11:56 -- journal_editor

ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ၁၀လတာ အတွင်း ရေနံထွက်ပစ္စည်း တင်သွင်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ  ၄ ဘီလီယံကျော်အထိ ရှိကြောင်း   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။ 
လက်ရှိ ဘဏ္ဍာနှစ် စတင်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၃ ခုနှစ်   ဇန်နဝါရီလ ကုန်အထိ   ပြည်ပမှတင်သွင်းသည့် သွင်းကုန် ပစ္စည်း ၁၀ မျိုးတွင် ရေနံထွက်ပစ္စည်းများကို အများဆုံး တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါ ကာလအတွင်း ပြည်ပမှ တင် သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများအနက် ရေနံ ထွက်ပစ္စည်း   တင်သွင်းမှုအနေဖြင့်  အမေရိ ကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံကျော်ဖိုးရှိပြီး ချည်ထည် တင်သွင်းမှုမှာတော့ အမေရိကန် ဒေါ်လာ  ၁ ဒသမ ၂ ဘီလီယံ ကျော်ဖိုးရှိကြောင်း သိရသည်။
ယင်းအပြင် သံနှင့်သံမဏိ ကုန်ကြမ်း အမေရိကန်ဒေါ်လာ သန်း ၅၆၀ကျော်၊ ဆေးဝါး ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၅၄၀ ကျော်၊ ဓာတ်မြေသြဇာ အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော်၊ စားအုန်းဆီ အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော်ဖိုး တင်သွင်းခဲ့ကြောင်း သိရသည်။    မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတွင် ပို့ကုန် အနေဖြင့် လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ကုန်၊ ရေထွက်ကုန်၊သတ္တုတွင်းထွက်၊ သစ်တောထွက်၊  စက်မှုကုန်ချောပစ္စည်းများနှင့် အခြားပို့ကုန်များကို တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ 
သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု   ကုန် ပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ၊ ကုန်ကြမ်းယူ ကုန်ချောပေးစနစ် (CMP) နှင့်  ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို  တင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။

ပန်းဆု