Main menu

Background

စားသောက်ကုန်ထုတ် လုပ်ငန်းများအတွက် စွမ်းအင် အလေအလွင့်လျှော့ချရေး အသိပညာပေးသင်တန်းဖွင့်လှစ်မည်

Thu, 03/16/2023 - 14:58 -- journal_editor

မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) မှ မိမိတို့ စက်ရုံ၊ အလုပ်ရုံများရှိ ကုန်ထုတ်လုပ်ရေးလုပ်ငန်းစဉ်များတွင် စွမ်းအင်အလေအလွင့် ရှိနေနိုင်သည့် ဧရိယာများကို တွက်ချက်၊ တိုင်းတာ၊ ဖော်ထုတ်နိုင်စေရန်၊ စွမ်းအင်အလေအလွင့်များကို လျှော့ချနိုင်မည့် အခွင့်အလမ်းများကို သိရှိမှတ်သားနိုင်စေရန်၊ စွမ်းအင်သုံးစွဲမှုများကို နည်းစနစ်တကျ မှတ်သား၊ စောင့်ကြည့်၊ အကဲဖြတ်နိုင်စေရန် ရည်ရွယ်ပြီး “Awareness Training on Energy Efficiency in Food Processing”  စားသောက်ကုန်ထုတ်လုပ်ငန်းများအတွက် စွမ်းအင်အလေအလွင့် လျှော့ချရေး အသိပညာပေးသင်တန်းကို  မတ် ၂၅ ရက်တွင် Online စနစ်ဖြင့် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း  (MFPEA) မှ သိရှိရသည်။ 
သင်ကြားပို့ချမည့်   သင်ခန်းစာများမှာ  စွမ်းအင် အလေအလွင့်ရှိနိုင်သည့် ဧရိယာများ၊ စွမ်းအင် အလေအလွင့်များအား တွက်ချက်ဖော်ထုတ်သည့် နည်းစနစ်များ၊ စွမ်းအင်အလေအလွင့် လျှော့ချနိုင်မည့် ပြုပြင်ပြောင်းလဲမှုများနှင့် အလေ့အကျင့်ကောင်းများ၊ စွမ်းအင်သုံးစွဲမှုများအပေါ် မှတ်သား၊ စောင့်ကြည့်  အကဲဖြတ်နည်းများ၊ စွမ်းအင် အလေအလွင့်လျှော့ချခြင်းဖြင့် ရရှိလာနိုင် သည့် ငွေကြေးဆိုင်ရာ အကျိုးကျေးဇူးများနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ စသည့် ခေါင်းစဉ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ 
Management အဖွဲ့ဝင်များ၊ Operation ကြီးကြပ်သူများ အထူးသဖြင့် တက်ရောက်သင့်သည့် သင်တန်းဖြစ်သည်။ သင်တန်းမှ ရရှိမည့်အကျိုးကျေးဇူးများအနေဖြင့် စွမ်းအင်အလေအလွင့်များ လျှော့ချနိုင်မည့် အလေ့အကျင့်ကောင်းများကို အသုံးချခြင်းဖြင့် စွမ်းအင်စရိတ် သက်သာပြီး လုပ်ငန်းဝင်ငွေ တိုးပွားနိုင်ခြင်း၊ သန့်စင်သော ထုတ်လုပ်ရေး (Cleaner Production) ကို ဖြစ်စေသည့် အလေ့အကျင့်ကောင်းများကြောင့် တာဝန်ယူမှု တာဝန်ခံမှုပြည့်ဝသော စံပြလုပ်ငန်း ဖြစ်လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည့် သင်တန်းအား မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (MFPEA) က ဦးစီး၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်း တက်ရောက်လိုပါက MFPEA ဖုန်းနံပါတ်-ဝ၉-၈၈၇၈၀၅၉၀ဝ ၊ ဝ၉-၈၈၇၈၀၅၉၀၁ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။ 
အိမ့် (DOT)