Main menu

Background

လျှပ်စစ်ယာဉ် အစီးရေ ၃၀ဝ၀ ခန့် တင်သွင်းခွင့်ပြုထား

Fri, 03/17/2023 - 14:00 -- journal_editor

စက်မှုဝန်ကြီးဌာနက အငှားယာဉ် (Taxi) နှင့် ဘတ်(စ်)ကားများ ပါဝင်သည့်  လျှပ်စစ်ယာဉ် (EVs) အစီးရေ ၃၀ဝ၀ ခန့်ကို ပထမအဆင့်အနေဖြင့် နိုင်ငံအတွင်း တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိတွင် EV ကား အစီးရေ ၁၁၀ ကျော် တင်သွင်းထားပြီး မကြာမီကာလအတွင်း ကားအစီးရေ ပိုမိုရောက်ရှိလာမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မတ် ၈ ရက်တွင် ပြောသည်။ “EV မူဝါဒကို ရေးဆွဲထားပြီးသားပါ။ အခု မတ်လမှာ မိတ်ဆက်သွားဖို့ရှိပါတယ်။ လက်ရှိမှာလည်း EV တင်သွင်းမှုအပေါ် အခွန်စည်းကြပ်မှု သိသိသာသာ လျှော့ချလိုက်တာကြောင့် လျှပ်စစ်ယာဉ်တင်သွင်းခြင်းနဲ့ ဝယ်ယူခြင်းတွေမှာ လူအများရဲ့ စိတ်ဝင်စားမှု မြင့်တက်လာပါတယ်”ဟု  ၎င်းက ပြောသည်။

“တရုတ်နိုင်ငံထုတ် EV တွေက တင်သွင်းဖို့ အကြံပြုထားတဲ့ ကားတွေပါ။ တရုတ် EV တွေက ကမ္ဘာတစ်ဝန်းမှာ အောင်မြင်နေပါတယ်။ ဒါကြောင့် တရုတ်ကားတွေ တင်သွင်းဖို့ အားပေးနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဝန်ကြီးဌာနအနေဖြင့် EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “လျှပ်စစ်မော်တော်ယာဉ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်လုပ်ငန်းဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းကော်မတီ”ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းနောက် CBU၊ CKD၊ SKDစနစ်များဖြင့် တင်သွင်းမည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားများအတွက်  မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အခွန်နှုန်းထားများကို သုည ရာခိုင်နှုန်းအထိ  လျှော့ချသတ်မှတ်ခဲ့ကြောင်း သိရသည်။

တစ်နှစ်တာ ရှေ့ပြေး EV စီမံကိန်း ဖော်ဆောင်မှုအရ လက်ရှိတွင် တရုတ်နိုင်ငံထုတ် ဘက်ထရီလျှပ်စစ်ကား(BEV) ) များကို ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ကာ တင်သွင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပန်းဆု