Main menu

Background

ကမ္ဘာ့ရော်ဘာဈေး တက်၍ ပြည်တွင်းရော်ဘာဈေး ပြန်တက်

Fri, 03/17/2023 - 14:07 -- journal_editor

ကမ္ဘာ့ရော်ဘာဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းရော်ဘာဈေး ပြန်လည်မြင့်တက်လာပြီး လက်ရှိတွင် ပြည်တွင်းရော်ဘာထွက်နှုန်း၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူနေကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

နိုင်ငံတကာ ရော်ဘာပေါက်ဈေးမှာယခင်တစ်ပတ်က အမေရိကန်ဒေါ်လာ ၁၇၅၀ ဖြစ်ပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၈၀ဝ အထိ မြင့်တက်လာကာ ပြည်တွင်းရော်ဘာဈေးမှာ ယခင်က တစ်ပေါင်လျှင် ၁၃၅၀ ကျော်အထိရှိသော် လည်း လက်ရှိတွင် တစ်ပေါင် ၁၄၀ဝ ကျပ်  ပေါက်ဈေးရှိနေကြောင်း သိရသည်။

“လက်ရှိ ပြည်တွင်းကထွက်တဲ့ ရော်ဘာကို တရုတ်က အများဆုံးဝယ်နေတယ်။ တရုတ်နိုင်ငံမှာက ကုန်ကြမ်း အသုံးပြုတာများပြီး ကုန်ချောထုတ်လုပ်တာလည်း များနေတော့ ရော်ဘာ ဝယ်လိုအား များတယ်။ မြန်မာကတင် မဟုတ်ဘူး၊ တခြားနိုင်ငံတွေဆီကလည်း အများအပြားဝယ်တယ်။ နိုင်ငံတကာ ရော်ဘာဈေးက ပြီးခဲ့တဲ့တစ်ပတ်လောက်ကတည်းက တက်လာတော့ ပြည်တွင်းဈေးလည်း ပြန်တက်လာတယ်”ဟု ရော်ဘာအသင်းမှ တာဝန်ရှိသူတစ်ဦးက မတ် ၈ ရက်တွင်ပြောသည်။ ပြည်တွင်းရော်ဘာဈေးမှာ နိုင်ငံတကာပေါက်ဈေးပေါ်မူတည်၍ ဈေးအတက်အကျ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ ပြည်ပလိုအပ်ချက်များပြားကာ အဝယ်လိုက်နေခြင်းကြောင့် ကမ္ဘာ့ရော်ဘာဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည် ဟုဆိုသည်။ 

ယခုနှစ်တွင် ပြည်ပသို့ တန်ချိန် သုံးသိန်းခန့်အထိ တင်ပို့ရန်လျာထားပြီး ယခင်နှစ်များထက် တင်ပို့မှုလျော့ကျနိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၈၀ဝ ခန့် တင်ပို့နိုင်ခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ  ရော်ဘာတန်ချိန် ၂၂၉၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေခြင်းဖြစ်ကာ အင်ဒိုနီးရှား၊ စင်ကာပူ၊ တရုတ်(တိုင်ပေ)၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။  မြန်မာနိုင်ငံတွင် ရော်ဘာတစ်နိုင်ငံလုံး စိုက်ဧက တစ်သန်း ခြောက်သိန်းလေးသောင်းကျော်အထိရှိကြောင်း သိရသည်။ 

ပန်းဆု