Main menu

Background

နိုင်ငံခြားငွေဖြင့်  အခွန်ဆောင်ရသူများ နိုင်ငံပိုင်ဘဏ်များတွင်သာ ငွေစာရင်းဖွင့်လှစ်ပေးသွင်းရမည်

Fri, 03/17/2023 - 14:14 -- journal_editor

နိုင်ငံခြားငွေဖြင့် အခွန်ပေးဆောင်ရသူများအနေဖြင့် နိုင်ငံပိုင်ဘဏ်များတွင်သာ ငွေစာရင်းဖွင့်လှစ်ပေးသွင်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

မြန်မာ့စီးပွားရေးဘဏ်(MEB) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) မြန်မာ့နိုင်ငံခြားကုန်သွယ်မှု(MFTB)စသည့် နိုင်ငံပိုင်ဘဏ်များတွင်သာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အခွန်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခွန်ပေးဆောင်ရသူများအနေဖြင့် ပုဂ္ဂလိကဘဏ်နှင့် နိုင်ငံခြားဘဏ်ခွဲများတွင် ငွေစာရင်းဖွင့်လှစ်ထားပါက အခွန်ဆောင်ရမည့် နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ် လဲလှယ်ခြင်းမပြုစေဘဲ မြန်မာ့စီးပွားရေးဘဏ်(MEB)ထံရရှိသည့်နိုင်ငံခြားငွေအတိုင်း လွှဲပြောင်းပေးရမည်ဖြစ်ကြောင်းသိရသည်။ ကျသင့်အခွန်ပေးချေသည့်နေရာတွင် နိုင်ငံသားနှင့်နိုင်ငံခြားသား (ပြည်တွင်းနေ)ဖြစ်ပါက ဗဟိုဘဏ်၏သတ်မှတ်ငွေလဲနှုန်းနှင့် နိုင်ငံခြားငွေမှ ကျပ်ငွေကို ဖလှယ်ရမည်ဖြစ်ပြီး ပြည်ပနေ နိုင်ငံခြားသားဖြစ်ပါက ရရှိသည့်ငွေကြေးအမျိုးအစား(နိုင်ငံခြားငွေ)နှင့် အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း သတ်မှတ်ထားကြောင်း သိရသည်။

AD လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေရရှိသူများ ပေးဆောင်ရမည့် အခွန်ငွေကို မြန်မာကျပ်ငွေတန်ဖိုးသင့်ပြီး Payment Order ထုတ်ပေးခြင်းအစား မြန်မာ့စီးပွားရေးဘဏ်ထံ ပြည်ပအဆက်အသွယ်ဘဏ်များက တစ်ဆင့် Nestro Based Transfer ဖြင့်  SWIFT Code – MYEBMMMY အသုံးပြုလွှဲပို့ရမည်ဖြစ်ကြောင်း သိရသည်။

SWIFT နှင့်ငွေလွှဲပို့သည့်နေရာတွင် ကျသင့်သည့် SWIFT Charges ကို အခွန်ပေးဆောင်ရသူက ကျခံရမည်ဖြစ်သောကြောင့် SWIFT Charges အတွက် ပေးချေရမည့်ငွေကြေးကို ကန်ဒေါ်လာ သို့မဟုတ် ယူရိုငွေနှင့် ကောက်ခံရန် ညွှန်ကြားထားကြောင်း သိရသည်။

ဝန်ကြီးဌာနများရရှိသည့် နိုင်ငံခြားငွေများ ပုဂ္ဂလိကဘဏ်နှင့် နိုင်ငံခြားဘဏ်ခွဲများထံ ဝင်ရောက်မည်ဆိုပါကရရှိသည့် ငွေစာရင်းအတိုင်း နိုင်ငံပိုင်ဘဏ်များထံလွှဲပြောင်းပေးပြီး ဘဏ်မှနေ၍ အစိုးရဌာနများထံ ငွေပေးအမိန့်လွှာ (Payment Order) ထုတ်ပေးကာ ဌာန၏ ငွေစာရင်းသို့ ပေးသွင်းစေမည်ဖြစ်ကြောင်း ဗဟိုဘဏ်၏ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။

ပန်းဆု