Main menu

Background

ပိတ်စွယ်အသုံးဝင်မှုနှင့် ဈေးနှုန်း

Tue, 03/28/2023 - 13:59 -- journal_editor

ပိတ်စွယ်သည် အင်းအိုင်၊ ကန်၊ ချောင်းနားများတွင် သဘာဝအတိုင်း အလေ့ကျပေါက်ရောက်သော ယားတတ်သည့် ပိန်းယားပင်မှ ထွက်ရှိသောအရာဖြစ်ပြီး ပြည်မြို့ ဧရာဝတီမြစ်ကမ်းနားရှိ နဝင်းချောင်း၊ နဝင်းတာရိုးနှင့် ဝက်ထီးကန်ရှိ ကန်ကြီးအနားတစ်ဝိုက်နှင့် ရွှေတောင်မြို့နယ်ရှိ ကျီးသဲ၊ မြို့မနယ်ဘက်မှ အင်းအိုင်၊ မြစ်ကမ်းချောင်းနားများတွင် အလေ့ကျပေါက်ရောက်သည်။

ပိတ်စွယ်သည် နူးညံ့ပြီးအရသာမှာ မျှစ်နှင့် ခပ်ဆင်ဆင်တူပေမယ့် မျှစ်ထက်ပိုနူးညံ့ကာ မိုးဦးကျချိန်(မေလနှင့် ဇွန်လများ)တွင် လှိုင်လှိုင်ထွက်ပေါ်လေ့ရှိသည်။ ယခုကာလမှာ ပေါ်ဦးပေါ်ဖျားအချိန်ဖြစ်ပြီး ဈေးကောင်းရလျက်ရှိကာ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀-၅၀ဝ၀-၆၀ဝ၀ ခန့်ရှိပြီး လက်လီဈေးသည်များတွင် ခြောက်ချောင်း၊ ခုနစ်ချောင်း ပါဝင်သည့် အစည်းတစ်စည်းလျှင် ကျပ် ၄၀ဝ-၅၀ဝ ခန့် ရောင်းချကြသည်။ ပိတ်စွယ်ကို  မုန့်တီဟင်းချို၊ ကြာဆံဟင်းခါးထဲထည့်ပြီး စားကြသကဲ့သို့ မန္တလေးဘက်မှာဆိုလျှင် ခိုတောင်မုန့်တီနှင့် ပိတ်စွယ်ဟင်းချိုဆိုကာ တွဲဖက်ညီတဲ့ အစားအစာအဖြစ် လူသိများသည်။ ပိတ်စွယ်ကို ပုစွန်ခြောက်၊ ငရုတ်သီးစိမ်းတို့နှင့် ဆီသတ်ပြီးကျော်၍ လည်းကောင်း၊ ဆူးပုတ်ရွက်နှင့်ရောပြီး ကြော်စား၍သော်လည်းကောင်း၊ အသားနှင့် ရောချက်စားလျှင်လည်း နူးညံ့ပြီး ထမင်းမြိန်စေသည်။
ပိတ်စွယ်ကို အချဉ်ထည့်ထားပြီး ပိတ်စွယ်ချဉ်လုပ်ပြီးလည်း ရောင်းကြပါသည်။ ပိတ်စွယ်ချဉ်ကို ကြက်သွန်နီ၊ ငါးပိ၊ ငရုတ်သီးစိမ်းတို့နဲ့ ကြော်စားကြသလို ကြက်သား၊ ဝက်သားနှင့်လည်းရောပြီး မျှစ်ချဉ်ချက်သကဲ့သို့ ချက်စားကြသည်။ ပိတ်စွယ်ချဉ်ကို တို့စရာအဖြစ်လည်း စားကြပြီး ရန်ကုန်ဘက်တွင် ဂုံမင်းနှင့်ရောပြီး မှားတတ်ကြသည့် ပိတ်စွယ်ကို တစ်ခါတစ်ရံ ရှင်မွေးလွန်းဟုလည်း ခေါ်ကြကြောင်း သိရသည်။ ရွှေတောင်မြို့နယ်ဘက်တွင် ပိတ်စွယ်ချဉ်ကို ဖန်ပုလင်း နှင့်ထည့်၍ ရောင်းချကြသလို ရေသန့်ဘူးများ၊ ပါကင်ထုပ်များနှင့်လည်း ရောင်းချကြပြီး ပါကင်ထုပ်တစ်ထုပ်ကို ၂၅ ကျပ်သား ဝင်ဆံ့ကာ ကျပ် ၃၅၀ဝ ဖြင့် ရောင်းချကြသည်။ ဖန်ပုလင်း၊ ရေသန့်ဘူးများမှာ တစ်ပုလင်းကို ကျပ် ၁၅၀ဝ- ၂၀ဝ၀ ခန့်ဖြင့် ရောင်းချကြသည်။

နူးနူးညံ့ညံ့ဖြင့် စား၍ကောင်းသည့် ပိတ်စွယ်အစိမ်း၊ ပိတ်စွယ်တစ်ရေပြုတ်၊ ပိတ်စွယ်ချဉ်လေးများမှာ ရောင်းအားကောင်းသည့်အတွက် Online တွင် Post တင်၍ ရောင်းချခြင်းများလည်းရှိသည်။ ပိတ်စွယ်အချောင်းလေးများကို လက်ဖြင့် ဖျစ်ကြည့်ပါက တောင့်တောင့်လေးဆို ပိတ်စွယ်လတ်ဆတ်မှုရှိပြီး ပိတ်စွယ်မှာ အရောင်မဲခြင်း၊ ရေမြှုပ်ထနေခြင်း၊ လက်နှင့်ဖျစ်လျှင် မလတ်ဆတ်၍ စားသုံးရန်မသင့်ကြောင်း သိရသည်။ ပိတ်စွယ်ကို မစားဖြစ်သေးလျှင် ရေစိမ်ပြီးထား၍ ရသော်လည်း နှစ်ရက်ထက်ကျော်ပြီး ရေစိမ်ထားလျှင်လည်း ရိပျော့သွားတတ်သည်။ နှစ်ရက်အတွင်း ရေစိမ်ပါကလည်း ရေလဲလှယ်ပေးရန် လိုအပ်သည်။ တစ်ပတ်အထိ အထားခံအောင် ပိတ်စွယ်ကို ပလတ်စတစ်အိတ်ဖြင့် လေလုံအောင်ထုပ်ပြီး ရေခဲသေတ္တာ အခန်းထဲ ခဲထားခြင်းဖြင့်လည်း တစ်ပတ်အထိ အထားခံကြောင်း သိရသည်။ Online ရောင်းချခြင်းများတွင် နယ်ဝေးဂိတ် တင်ပို့မှုများအတွက် ပိတ်စွယ်များကို ရေစစ်ကာ လေစုပ်အိတ်ဖြင့် သေချာစွာ ပို့ဆောင်ပေးရသည့်အတွက် လေစုပ်အိတ်နှင့် ထည့်ရသဖြင့် ရေအကုန် စုပ်ထုတ်ရသောကြောင့် အလေးချိန်  (ဥပမာ-၂ ကျပ်သားခန့်) အနည်းငယ်လျော့နည်းမှုရှိကြောင်း သိရသည်။
 

ဝင်းလဲ့ဝါ (ပြည်)