Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ် (၇)၊ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် တက်ရောက် အမှာစကားပြောကြား

Mon, 04/03/2023 - 11:07 -- journal_editor

၂၀၂၃ ခုနှစ်၊ ဧပြီ ၁ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်) အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊တနင်္ဂနွေ) အမှတ်စဉ် ( ၇ ) သင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပခဲ့သည်။ အခမ်းအနားသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ်မှ တက်ရောက်အမှာစကားပြောကြားခဲ့သည်။  ညွှန်ကြားရေးမှူး ချုပ်မှ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ကုန်သွယ်မှု ကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများ၊ ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေး၊ ကုန်သွယ် မှုမြှင့်တင်ရေး၊ စားသုံးသူကာကွယ်ရေး၊ ကုန်သွယ်မှုပညာ ပြန့်ပွားရေးနှင့် ကုန်သွယ်မှု စေ့စပ် ညှိနှိုင်းခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၊  ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) အပါအဝင် နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်၍ ကုန်သွယ်မှု ကဏ္ဍ တိုးတက်ရေးဆောင်ရွက်လျက်ရှိသည်။   ပို့ကုန်၊ သွင်းကုန်လုပ်ငန်းစဉ် များ နှင့်ပတ်သက်၍  ပိုမိုမြန်ဆန် အောင် စီမံ ဆောင်ရွက်ပေးလျက် ရှိပြီး၊ ကုန်သွယ်မှု လုပ်ထုံးလုပ် နည်းများကိုလည်း နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေ ရန် ဆောင်ရွက်လျက်ရှိကြောင်း၊  ထိုသို့သော လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လုပ်ငန်းနယ်ပယ် အသီးသီးရှိ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ပါကြောင်း၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည့် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်သစ်များနှင့် ကုန်သည် စီးပွားရေး၊ လုပ်ငန်းရှင်သစ်များကို ပြုစုပျိုးထောင်မွေးထုတ်ရန်၊ ပုဂ္ဂလိကကဏ္ဍဖွံ့ ဖြိုးတိုးတက်ရန်၊ ကုန်သွယ်ရေးကဏ္ဍစဉ်ဆက်မပြတ် တိုးတက်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ်၊ ဧပြီ မှ စတင်၍ ကုန်သွယ်မှုသင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့သည်။ လက်ရှိကာလအထိ ကုန်သွယ်မှုအခြေခံသင်တန်း (၁၂) ကြိမ် နှင့် အဆင့်မြင့်သင်တန်း (၃)ကြိမ် ၊ အပတ်စဉ်သင်တန်း (Weekend Course) (၆) ကြိမ် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား စုစုပေါင်း (၁၆၁၃) ဦး တက်ရောက်ခဲ့ပြီးဖြစ်ပါသည်။

          ကုန်သွယ်မှုဆိုင်ရာ ပညာရပ်များကို ကုန်သွယ်မှုသင်တန်းကျောင်း၌ သင်ကြားပို့ချပေး လျက်ရှိရာတွင် ကုန်သွယ်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၊ ငွေကြေးဆိုင်ရာ လုပ်ငန်း များ၊ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ ဉာဏ မူပိုင်ခွင့် ဆိုင်ရာလုပ်ငန်းများ၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများစသည့် လုပ်ငန်းနယ်ပယ်အသီးသီး ၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ပို့ချလျက်ရှိသည့်အပြင် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ကုန်ပစ္စည်း အရည်အသွေး ပိုင်းဆိုင်ရာ လုပ်ငန်းများ စသည်တို့ကို သင်ကြားပို့ချပေးလျက်ရှိသည်။ ကုန်သွယ်မှု လျင်မြန်လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် အားလျော်စွာ (WTO) ၏ သွင်းကုန်လိုင်စင်လုပ်ထုံးလုပ်နည်းများ ဆိုင်ရာသဘောတူညီချက် (Agreement on Import Licensing Procedures) အရလည်းကောင်း၊ အာဆီယံ နိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော လုပ်နည်းများအတိုင်း လိုက်လျောညီထွေ ဖြစ်စေရန် အတွက်လည်းကောင်း ဖြေလျော့သတ်မှတ်လျက်ရှိသည်။

သင်တန်းတွင် သင်ကြားမည့် ဘာသာရပ်များအား မိမိတို့ဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနှင့် သက်ဆိုင်သော အခြားဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အရာထမ်းများ၊ ပြင်ပ ဘာသာရပ်ကျွမ်းကျင်သူ ပညာရှင်များဖြင့် သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကာလ အတွင်း သင်တန်းသူ၊ သင်တန်းသားများအား ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းဌာနများ၊ အထူးစီးပွားရေး ဇုန်၊ စက်မှုဇုန်များသို့ လက်တွေ့ လေ့လာရေးခရီးစဉ်များ စီမံ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း၊ပြည်ပ စီးပွားရေး ပညာရှင်များ၏ စီးပွားရေး၊ ကုန်သွယ်ရေးဆိုင်ရာ ဟောပြောပွဲ များကိုလည်း စီမံဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊   ယခုဖွင့်လှစ်ခဲ့သည့် သင်တန်းသည် ကုန်သွယ် မှု နယ်ပယ်တွင်  အခြေခံအဆင့်သာဖြစ်၍ သင်တန်းမှ  စာတွေ့အခြေခံများနှင့် လက်တွေ့ နယ်ပယ် တွင် ဖြစ်ပေါ်လာမှုများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည် ဖြစ်ပါ သည်။ အလားတူ နိုင်ငံ တကာ ကုန်သွယ် မှု နယ်ပယ်တွင် တိုးတက်ပြောင်းလဲမှုများကို အမြဲလေ့လာပြီး မိမိနိုင်ငံ အခြေ အနေနှင့်  လိုက်လျော ညီထွေ လိုက်ပါဆောင်ရွက်ရမှာလည်း ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသူ၊ သင်တန်းသား များအနေဖြင့် သင်တန်းတွင် ပို့ချသည့် ဘာသာရပ်များ အား စိတ်ပါဝင်စားစွာဖြင့် သင်ယူ ၍ ကုန် သွယ်မှုလုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်း ဆောင်ရွက်နိုင် ကြစေလိုကြောင်း ပြောကြားခဲ့ သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာဆရာ/ဆရာမများ၊ တာဝန်ခံ အရာရှိများ နှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၁၀၅) ဦး တက်ရောက်ခဲ့၍ သင်တန်းဖွင့်ပွဲအခမ်အနား အား နံနက် ၉:၃၀ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။  

အိမ့် (DOT)