Main menu

Background

စားသုံးသူမူဝါဒနှင့် ယှဉ်ပြိုင်မှုပူးတွဲအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

Tue, 04/25/2023 - 14:36 -- journal_editor

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း Organization for Economic Cooperation and Develop-ment (OECD) က ကြီးမှူး၍ ကျင်းပပြုလုပ်သည့်  စားသုံးသူမူဝါဒနှင့် ယှဉ်ပြိုင်မှုပူးတွဲအလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ် ဧပြီ ၁၄ ရက်က Virtual စနစ်ဖြင့် ပြုလုပ်ခဲ့သည်။ အဆိုပါ  အလုပ်ရုံဆွေးနွေးပွဲတွင် ဈေးကွက်အတွင်း လွတ်လပ်၍တရားမျှတသော ယှဉ်ပြိုင်မှုများ ဖြစ်ထွန်းစေရေး၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိစေရေး တို့အတွက် ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးကဏ္ဍများရှိ အာဏာပိုင်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မှု၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ သြစတြေးလျနှင့် ဥရောသမဂ္ဂနိုင်ငံများတွင် စားသုံးသူကာကွယ်ရေးမူဝါဒများ၊ ဥပဒေများ ပြဋ္ဌာန်းချမှတ် ဆောင်ရွက်နေမှု၊ ဒစ်ဂျစ်တယ်ကဏ္ဍတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စီးပွားရေးလုပ်ငန်းများ၏ တရားမျှတမှုမရှိသောယှဉ်ပြိုင်မှုများကို ထိန်းကျောင်းဆောင်ရွက်နေမှုများနှင့် ကိန်းဂဏန်းအချက်အလက်များကို ကာကွယ်ထိန်းသိမ်းဆောင် ရွက်နေမှုများကို ဆွေးနွေးခဲ့သည်။
ဥရောပကော်မရှင်သည် ၂၀၁၁ ခုနှစ်တွင် စားသုံးသူအခွင့်အရေး လမ်းညွှန်ချက်ကို ချမှတ်ခဲ့ကြောင်း၊ ဈေးကွက်အတွင်း စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် အရေးယူဆောင်ရွက်ပေးခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ ဈေးကွက်အတွင်း လက်ဝါးကြီးအုပ် ဆောင်ရွက်သောအလေ့အထများကို ယှဉ်ပြိုင်မှုဥပဒေများဖြင့် ထိန်းကျောင်းဆောင်ရွက်ခြင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်နိုင်ရန်  စီးပွားရေး လုပ်ငန်းရှင်များအား အွန်လိုင်းပလက်ဖောင်းမှ တစ်ဆင့်ရောင်းချစေပြီး သတ်မှတ်ထားသော လိုက်နာရမည့်၊ ရှောင်ကြဉ်ရမည့်အချက်များကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ လုပ်ငန်းရှင်များအား လိုက်နာဆောင်ရွက်စေခြင်းနှင့် စွမ်းအင်နှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတို့တွင် စွမ်းအင်ကဏ္ဍရှိ အာဏာပိုင်အဖွဲ့အစည်းများက ဈေးကွက်အတွင်း စွမ်းအင်များ သင့်တင့်မျှတသော ဈေးနှုန်းများ ဖြစ်စေရေး၊ အစားထိုးစွမ်းအင်သစ်ဖြစ်သော renewable energy များကို အသုံးပြုစေရန် အစိုးရမှတွန်းအားပေး ဆောင်ရွက်လျက်ရှိမှုများကို ဆွေးနွေးခဲ့သည်။
ဥရောပသမဂ္ဂနိုင်ငံများတွင် စားသုံးသူများကို အစိုးရဌာနအဖွဲ့အစည်းများမှ အပြုအမူပိုင်းဆိုင်ရာ ဝင်ရောက်စွက်ဖက်ဆောင်ရွက်မှု (behavioral intervention) ပြုလုပ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများကို ဆေးလိပ်သောက်သုံးမှု မရှိစေရန် ပုံများဖြင့် သတိပေးသော ကုန်အညွှန်းအမှတ်အသားများဖြင့် (graphic warning labels) အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်သောက်သုံးမှု အပြုအမူ များကို သိသာစွာ လျော့နည်းကျဆင်းစေခဲ့ကြောင်း၊ အလားတူ စွမ်းအင်ကဏ္ဍတွင် renewable energy များကို စားသုံးသူများမှ အသုံးပြုစေရန် အပြုအမူပြောင်းလဲစေသည့်နည်းလမ်းဖြင့်   ဆောင်ရွက်လျက်ရှိ ကြောင်း၊ လျှပ်စစ်ကား များကို အသုံးပြုမှုအတွက် နံပါတ်ပြားများပေါ်တွင် အစိမ်းရောင်အမှတ်တံဆိပ်များကို တပ်ဆင်စေကြောင်း၊ ကယ်လိုရီများသော အစားအသောက်များတွင် ကယ်လိုရီပါရှိမှုကို ဖော်ပြသည့် ကုန်အညွှန်းအမှတ်အသားများကို ဖော်ပြ စေပြီး စားသုံးသူများကို သတိချပ်မိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းများကို ပလက်ဖောင်းများမှတစ်ဆင့် စားသုံးသူများကို ရောင်းချစေပြီး ထိန်းကျောင်းဆောင်ရွက်သကဲ့သို့ အဆိုပါ ပလက်ဖောင်းများ မှ အစိုးရဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို ပါဝင်ဆောင်ရွက်စေကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား   အခြေခံအဆောက်အအုံ များနှင့်နည်းပညာများ ဖြည့်ဆည်းထောက်ပံ့နိုင်ရေးနှင့်  စားသုံးသူ များ ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးပြုဝယ်ယူနိုင်ရေး တို့အတွက် အစိုးရဌာနများမှ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အနာဂတ်ကာလ၌ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးကဏ္ဍများတွင် လူသားအပြုအမူဆိုင်ရာ သိပ္ပံပညာရပ် (Behavioral science) ကို ထည့်သွင်းအသုံးချ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊   တစ်နည်းအားဖြင့် လူသားတို့၏အပြု အမူကို ပြောင်းလဲစေသည့်မူဝါဒကို ကျင့်သုံးခြင်းဖြင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာရလာဒ်များ ထွက်ပေါ်လာစေရန် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ အနည်းဆုံး  ကုန်ကျစရိတ်  ဖြစ်စေခြင်းဖြင့် အကောင်းဆုံးဝန်ဆောင်မှုရလဒ် ထွက်ပေါ်လာစေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ လူသားတို့၏အပြုအမူပြောင်းလဲစေရန် အစိုးရဌာနများမှ မူဝါဒများနှင့် စည်းမျည်းစည်းကမ်းများကို ချမှတ်ခြင်းဖြင့် ဝင်ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့သည်။
သြစတြေးလျနိုင်ငံတွင် သြစတြေးလျယှဉ်ပြိုင်မှုနှင့်စားသုံးသူ ကာကွယ်ရေးကော်မရှင်က ဒစ်ဂျစ်တယ်ပလက်ဖောင်းစင်္ကြံကို တည် ထောင်၍ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ တရားမျှတမှု မရှိသော အလေ့အထများကို   ထိန်းကျောင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် Accommo-dation platform ကို တည်ထောင်ထားပြီး လိမ်လည်လှည့်ဖြားသော အလေ့အထများ၊ ထင်ယောင်ထင်မှားဖြစ်စေသော အလေ့အထများကို ပပျောက်စေရန် သတိပေးခြင်းအပါအဝင် အရေးယူဆောင်ရွက်မှု နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား Behavioral insights (အပြုအမူဆိုင်ရာ  ထိုးထွင်းသိမြင်တတ်မှု) ဖြင့် ကောင်းမွန်သော စီးပွားရေးလုပ်ငန်း အလေ့အထများကို လိုက်နာစေရန် ထိန်းကျောင်းလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံတွင် ထင်ယောင်ထင်မှားဖြစ်စေသော ကြော်ငြာများ အထူးသဖြင့် အခကြေးငွေ မပေးရသော ကလေးများ ကစားသည့် ကစားပွဲ (free version of game) များနှင့် စပ်လျဉ်းသည့် ကြော်ငြာများကို စားသုံးသူကာကွယ်ရေး အာဏာပိုင်များက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊   စားသုံးသူကာကွယ်ရေး ဥပဒေ နှင့် ယှဉ်ပြိုင်မှုဥပဒေများကို ပြဋ္ဌာန်းထားပြီး ကိန်းဂဏန်းအချက်အလက်များကို   ကာကွယ်ထိန်းသိမ်းသည့်ဥပဒေ (data protection law) ကိုလည်း ပြဋ္ဌာန်းထားကြောင်း၊ ကဏ္ဍအလိုက် အာဏာပိုင်အဖွဲ့ အစည်းများဖြစ်သည့်   ဒစ်ဂျစ်တယ်အာဏာပိုင်၊ ငွေကြေးဈေးကွက် အာဏာပိုင်နှင့်မီဒီယာအာဏာပိုင် စသည့်အဖွဲ့အစည်းများက ကဏ္ဍအလိုက် သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနများ၏ ဝက်ဘ်ဆိုက်များတွင်   စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများအား လုံလောက်စွာ သတင်းအချက်အလက် ပေးအပ်ဖော်ပြရကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံတွင် စားသုံးသူနှင့်ယှဉ်ပြိုင်မှုအာဏာပိုင်များက ဈေးကွက်တွင် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းအပါအဝင် လက်ဝါးကြီးအုပ် လွှမ်းမိုးရောင်းချမှုများကို အခကြေးငွေ မဖြစ်မနေ ပေးဆောင်စေခြင်းဖြင့် ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားများဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာ (web page) တွင် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို  စားသုံးသူများ အား ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရောင်းချရာတွင် ပွင့်လင်းမြင် သာမှုရှိစေခြင်းဖြင့် အပြုအမူပိုင်းဆိုင်ရာ အသိပညာပေးမှုကို ဆောင် ရွက်လျက်ရှိကြောင်း၊ ဝက်ဘ်ဆိုက်စင်္ကြန်များကို တည်ထောင်ထားပြီး အွန်လိုင်းစီးပွားရေး လုပ်ငန်းရှင်များကို အဆိုပါ စင်္ကြန်များမှတစ်ဆင့် ရောင်းချစေကြောင်းနှင့် စာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပြဋ္ဌာန်းထားကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဖင်လန်နိုင်ငံတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို ဥပဒေပညာရှင်များက ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေပညာရှင်များနှင့် စီးပွားရေးပညာရှင်များက စီးပွားရေးလုပ်ငန်းရှင်များအား အပြုအမူ ပိုင်းဆိုင်ရာ အသိပညာရှိမှုအတွက် မည်မျှအတိုင်းအတာအထိ ဆောင်ရွက်ပြီးသည်ကို စစ်ဆေးတိုင်းတာလေ့ရှိကြောင်း၊ အပြုအမူပိုင်းဆိုင်ရာ သိပ္ပံပညာရပ်၏ အကျိုးသက်ရောက်မှုကို သုတေသနများ၊ လေ့လာမှုစစ်တမ်းများ ကောက်ယူ၍ အမြဲပင်အကဲဖြတ်လေ့လာလျက်ရှိကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။
နိဂုံးချုပ်အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲတွင် Panelists များနှင့် Resource Speakers များက ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးကဏ္ဍတို့မှာ ဆက်စပ်လျက်ရှိပြီး ကဏ္ဍအလိုက် သက်ဆိုင်ရာ အာဏာပိုင်များအကြား ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ရေးဌာနများသည် behavioral scientists (အပြုအမူပိုင်းဆိုင်ရာ သိပ္ပံပညာရှင်များ)ကို စွမ်းရည်အရင်းအမြစ် မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များကို အပြုအမူပိုင်းဆိုင်ရာပြောင်းလဲမှု (ဥပမာ၊ ထိရောက်သော ပွင့်လင်းမြင်သာမှုရှိစေခြင်း) ဖြင့်  ထိန်းကျောင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကဏ္ဍနှစ်ရပ်စလုံးတွင် ဥပဒေတွန်းအားပေး ဆောင်ရွက်သော လုပ်ငန်း များသည် အရေးပါသကဲ့သို့ အလေးဂရုပြုမှု မြှင့်တင်သည့်လုပ်ငန်းများ၊ အသိပညာပေးသည့်လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများသည်လည်း အရေးပါကြောင်း၊ လိုအပ်ပါက ဥပဒေစည်းမျဉ်းစည်းကမ်း ပြုပြင်ပြောင်းလဲမှု (regulatory reform) လုပ်ဆောင်ရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြသည်။

Dr Myo Myo Htike