Main menu

Background

ပြည်တွင် ဘူးသီးဈေး မြင့်တက်

Wed, 04/26/2023 - 13:42 -- journal_editor

မြန်မာလူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသောသီးနှံများထဲတွင် ဘူးသီးသည် တစ်မျိုးအပါအဝင်ဖြစ်သည်။ ဘူးသီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးသော ဟင်းသီး ဟင်းရွက်အုပ်စုဝင် အပင်လည်းဖြစ်သည်။ 
ပြည်မြို့၏ အနီးပတ်ဝန်းကျင်ဒေသများဖြစ်သော ပုတီးကုန်း၊ သဲကုန်း၊ ဝက်ပုတ်၊ အင်းမ၊ ဆင်မြီးဆွဲ၊ မှော်ဇာ၊ တောင်လုံးညို၊ ဖိုးခေါင် အစရှိသည့်နယ်များတွင် စိုက်ပျိုးကာ ပြည်မြို့ပေါ်ရှိ မြို့မဈေးကြီးနှင့် ဈေးအသေးများသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ ဘူးပင်စိုက်ပျိုးရာတွင် ရေများများ လောင်းနိုင်ကာမှ အပင် ကြီးထွားပြီး အသီးများများ တင်နိုင်သော်လည်း ရေများပြီး သွင်းမိလျှင် အပင်ခြေရင်းတွင် ရေဝပ်သွားပြီး အမြစ်ကို လေမတိုးခြင်းကြောင့် အမြစ်များရိကာ အပင်သေသွားနိုင်သည်အထိဖြစ်တက်ပါသည်။ ဘူးပင်သည် ရေရရှိမှုအဆင်ပြေပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ ယခုကာလနွေရာသီ မတ်လနှင့် ဧပြီလမှစ၍  ပြည်မြို့ အနီးတစ်ဝိုက်ဒေသများတွင် ရေရရှိမှုနည်းပါးသွားသဖြင့် ထွက်ရှိမှုသိသိသာသာ နည်းသွားသည့်အတွက် ပြည်ဈေးကွက်တွင် ဘူးသီးရှားပါးကာ ဘူးသီးဈေးနှုန်းများ သိသာစွာ မြင့်တက် သွားသည်။
ယခင်က ဘူးသီးတစ်စိတ်လျှင် ကျပ် ၁၀ဝ ရှိခဲ့ပြီး မတ်လ ကုန်ခါနီးမှစ၍ ကျပ် ၂၀ဝ-၃၀ဝ တို့ဖြင့် ဈေးနှုန်းမြင့်တက်ရောင်းချလာသည်။ ဘူးသီး အလုံးလိုက်ဆိုလျှင်  အကြီး၊ အသေးပေါ် မူတည်၍ အနည်းဆုံး ကျပ် ၅၀ဝ-၇၀ဝ မှ အများဆုံး ကျပ် ၉၀ဝ-၁၀ဝ၀ ထိသာရှိခဲ့ပြီး ယခင်က တစ်လုံးလျှင် ကျပ် ၁၀ဝ၀ ရှိပြီး ယခုဧပြီလဆန်းပိုင်းနှင့် သင်္ကြန်ကျော်ကာလများတွင် အသေးတစ်လုံးကို ကျပ် ၁၂၀ဝ-၁၃၀ဝ နှုန်းရှိ၍ အကြီးတစ်လုံးကို ကျပ် ၁၈၀ဝ မှ ၂၂၀ဝ နှုန်းများဖြင့် ဈေးကွက်ထဲတွင် ရောင်းချနေကြကြောင်း သိရသည်။ 
ဘူးသီးတွင် ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး အမျှင်ဓာတ်၊ ဗီတာမင် အေ၊ ဘီ၊ စီ၊ အီး၊ ကေနှင့်  သံဓာတ်ဖောလိတ်ဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကာဗိုဟိုက်ဒရိတ်၊ ကယ်ဆီယမ်နှင့် ပရိုတင်းဓာတ်တို့ ပြည့်ပြည့်စုံစုံ ပါဝင်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်ဆုံး သီးနှံတစ်မျိုးဖြစ်ပြီး ထွေထွေထူးထူး သတိထားစရာမလိုသော်လည်း ဘူးသီးသည် အအေးစာဖြစ်သည့်အတွက် အလွန်အကျွံမစားမိဖို့တော့ သတိထား ရှောင်ရှားရန်လိုအပ်သည်။ 
ဘူးသီးသည် စားသုံးသူများ နှစ်လည်ခါပတ် စားသုံးသည့် သီးနှံဖြစ်ပြီး စိုက်ပျိုးသူများမှ စိုက်ပျိုးရလွယ်ကူသော၊ ရင်းနှီးစိုက်ထုတ်ရငွေ နည်းပါးသော မိမိတို့အိမ်ခြံမြေများတွင်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေရရှိနိုင်စေသည့် သီးနှံဖြစ်သည့်အတွက် ယခုလိုရှားပါးချိန်တွင် စိုက်ပျိုးသူများမှ ဈေးကောင်းရ အကျိုးဖြစ်ထွန်းစေလျက်ရှိကြောင်း သိရသည်။  
ဝင်းလဲ့ဝါ(ပြည်)