Main menu

Background

ပခုက္ကူမြို့၌ တွင်ကျယ်စွာ ထုတ်လုပ်နေသော ဆုံဆီလုပ်ငန်းများ

Mon, 07/03/2023 - 14:04 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူရေးရာဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်စန်းမြင့်ရီသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့်အတူ ပခုက္ကူခရိုင်ဦးစီးမှူး၏  ကြီးကြပ် ကွပ်ကဲမှုဖြင့် ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်း ထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် မြေပဲဆုံဆီလုပ်ငန်းရှင်နှင့် ဇွန် ၂၀ ရက်တွင် သွား ရောက်တွေ့ဆုံခဲ့သည်။ 
မကွေးတိုင်းဒေသကြီးကို ဆီအိုးကြီးတိုင်းဟု  သတ်မှတ်ခေါ်ဆိုသည့်အတိုင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ  ပခုက္ကူခရိုင်သည်လည်း ဆီထွက်သီးနှံများ စိုက်ပျိုး ၍ ဆီများကြိတ်ခွဲ ထုတ်လုပ်ရောင်းချတင်ပို့လျက်ရှိသော  ဒေသတစ်ခုဖြစ်သည်။ ပခုက္ကူခရိုင်အတွင်း မြေပဲစိုက်ဧက  ၁၅၂၇၄၆ ဧက၊ နှမ်းစိုက်ဧက  ၁၆၀၂၂၅ ဧက ရှိပြီး ဒေသတွင်းစားသုံးမှု /ဖူလုံမှုရှိသည့်အပြင်  အခြားတိုင်းဒေသကြီးများသို့ပါ တင်ပို့ရောင်းချလျက်ရှိသည်။ စက်ပဲဆီများစားသုံးကြသလို   ဆုံဖြင့်ကြိတ်သော ဆုံဆီများကိုလည်း စားသုံးလာသောကြောင့်  ယခုအချိန်တွင် ဆုံဆီလုပ်ငန်းများ တွင်ကျယ်စွာ  လည်ပတ်နေရကြောင်း၊  ဆုံဆီလုပ်ငန်းရှင်၏ပြောကြားချက်အရ သိရှိရသည်။ 
ကြိတ်ခွဲရာတွင် ဆုံကြိတ်သည့်အိမ်သို့ မြေပဲဆန်ကိုဝယ်၍ လာရောက်ကြိတ် ခွဲသူများရှိသလို မြေပဲဆန်ကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချပေးပြီး ကြိတ်ခွဲ ရသည်များလည်းရှိကြောင်း၊ ဆုံဆီကြိတ်ခွဲရာတွင် မြေပဲလုံးဆန် ၊ ပြန့်ဆန်၊ ခြောက်လ ပဲများကို အစိုဓာတ် မကျန်စေရန် ခြောက်သွေ့အောင် နေလှန်းရကြောင်း၊ ခြောက် သွေ့သွားသော ပဲများကို ကြီး၊ လတ်၊ ငယ် ခွဲခြမ်းများ   အဆင့်ဆင့်ရောက်အောင် ပြာတီးသန့်စင်ရကြောင်း၊ ပြာတီးသန့်စင်ရာတွင် အမျိုးသမီးလုပ်သားများကို ငှားရ ကြောင်း၊ တစ်ရက်လျှင် တစ်ဦးလုပ်သားခမှာ ကျပ် ၅၀ဝ၀-၆၀ဝ၀  ပေးရကြောင်း သိရှိရသည်။ မြေပဲဆန်အောင်လျှင် အောင်သလို   ဆီထွက်ကောင်းသောကြောင့် မြေပဲလုံးဆန်ချောများကိုသာ ကြိတ်ခွဲကြောင်း ဆုံလေးဆုံရှိကြောင်း  မြေပဲအမျိုး အစားပေါ် မူတည်၍ ကြိတ်ခွဲချိန် မတူညီကြောင်း၊ မြေပဲ ၄၀ ပိဿာ ကြိတ်လျှင် ကုန်ချော ပဲဆီ  ၁၆ ပိဿာခန့် ထွက်ရှိကြောင်းသိရှိရသည်။
လုပ်သားခအနေဖြင့် တစ်ဆုံအတွက်လုပ်သားခမှာ ၇၀ဝ ကျပ်နှုန်းပေးရပြီး ကြိတ်ခွဲခအနေဖြင့်   ငါးပိဿာတစ်ဆုံကို  ကျပ် ၁၈၀ဝ ၊ ပဲဖတ် တစ်ပိဿာကို ကျပ် ၃၀ဝ၀-၃၁၀ဝ ၊ ဆုံဆီတစ်ပိဿာလျှင် ယခု ကျပ် ၁၄၀ဝ၀ ရှိသောကြောင့် ယခုနှစ် တွင် ပိုမိုကြိတ်ခွဲထုတ်လုပ်ရောင်းချရပါကြောင်း၊‌ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသ တွင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း သိရှိရသည်။
ပခုက္ကူဒေသအတွင်း မြေပဲယို၊ မြေပဲဆားလှော်၊ မြေပဲကြော်   အစရှိသော အသေးစားလုပ်ငန်း များစွာရှိသောကြောင့် မြေပဲတောင့်၊   မြေပဲဆန်များလည်း အရောင်းအဝယ်ဖြစ်နေသလို စက်ပဲဆီ၊ ဆုံပဲဆီများလည်း  ထုတ်လုပ်တင်ပို့နိုင် ခြင်းဖြင့် ဒေသခံပြည်သူများနှင့် လုပ်ငန်းရှင်များ  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိပြီး ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း သိရှိရသည်။                        

 

     စန်းမြင့်ရီ(ပခုက္ကူ)