Main menu

Background

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တရုတ်နိုင်ငံတွင်  ကျင်းပသည့် အဆင့်မြင့်ညီလာခံသို့ တက်ရောက်

Mon, 07/17/2023 - 14:49 -- journal_editor

ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏  ပထမအကြိမ်  အဆင့်မြင့်ညီလာခံသို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုး တက်ရေးနှင့်  ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဒုတိယဥက္ကဋ္ဌ Mr. Deng Boqing နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲ စီမံကိန်းများ၊  အဆိုပြု စီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံသို့ တက်ရောက်လာကြသည့် နိုင်ငံ/အဖွဲ့အစည်းများမှ အဆင့် မြင့်ကိုယ်စားလှယ်များအား CIDCA မှတည်ခင်းဧည့်ခံသည့်  ကြိုဆိုဂုဏ်ပြုခြင်း အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ  ဆောင်ရွက်ချက်ဖိုရမ်၏  ပထမအကြိမ် အဆင့်မြင့်ညီလာခံကို  “Global Development Initiative: Echo the Development Agenda and Call for Global Action” ခေါင်းစဉ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် ပါဝင်တက်ရောက်ခဲ့သည်။ 
အဆိုပါညီလာခံသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌဖြစ်သူ Mr. Luo Zhaohui ၊ ဖိတ်ကြားထားသော အာရှ၊ အာဖရိက၊ လက်တင်အမေရိကနိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များနှင့် ကုလသမဂ္ဂနှင့်  နိုင်ငံတကာ အဖွဲ့ အစည်း ၃၆ ခုတို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။   မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်   ကိုယ်စားလှယ်နှစ်ဦးတို့လည်း ပါဝင် တက်ရောက်ခဲ့ကြသည်။
ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးကိစ္စများနှင့် စပ်လျဉ်း၍ ဘုံအကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ ဖိုရမ်ခွဲလေးခုကို  ဆက်လက်ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဆင်းရဲမှုလျှော့ချရေးနှင့်   စိုက်ပျိုးရေးအသွင်ကူးပြောင်းမှုအတွက်  ကမ္ဘာလုံးဆိုင်ရာ အများပြည်သူပိုင်ပစ္စည်းများနှင့် စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက် မှု ဖိုရမ်ခွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ညီလာခံအပြီးတွင် ပါဝင်တက်ရောက်သည့် နိုင်ငံများ၏ သဘောတူညီမှုဖြင့်  ပေကျင်းထုတ်ပြန်ချက်ကို ကြေညာခဲ့ကြောင်း သိရသည်။                         
               DICA