Main menu

Background

ဆေးဖက်ဝင် အာနိသင်ရှိသည့်ဖန်ခါးသီး

Mon, 07/17/2023 - 15:15 -- journal_editor

ဖန်ခါးပင်သည် Combretaceae မျိုးရင်းဝင် အပင်မျိုးဖြစ်ပြီး အပူပိုင်းနှင့် သမပိုင်းတို့တွင် ပေါက်ရောက်ကြသည်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ သီရိလင်္ကာ၊ မလေးရှားနှင့် ဗီယမ်နမ်နိုင်ငံများတွင် အများဆုံး ပေါက်ရောက်လျက်ရှိသည်။ ဖန်ခါးပင်သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက် လေ့ရှိပြီး အရိပ်ကောင်းအပင်ကြီးမျိုးဖြစ်၍ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ လည်းရှိသည်။ အရသာမှာ နာမည်နှင့် လိုက်အောင် ဖန်ပြီး ခါးသက်သက် အရသာ ရှိသည်။ ဖန်ခါးသီးအား သီးသန့်ကိုက်စားလိုက်လျှင် ခါးသော်လည်း စားပြီး ရေ သောက်လိုက်သည့်အခါ မထင်ထားလောက်အောင် ချိုမြန်သောအရသာရှိသည်။  ဖန်ခါးသီးကို စားလိုက်လျှင် ဖန်၊ခါး၊ စပ်၊ ပူ၊ ချဉ် ချို စသော အရသာများရှိသောကြောင့် ခံတွင်းကိုရှင်းစေသည်။ ဖန်ခါးပင်သည် သေချာစိုက်ပျိုးစရာမလိုဘဲ နေရာတော် တော်များများတွင်  အစေ့ကနေ အလေ့ကျပြီး သဘာဝအတိုင်းအပင် ပေါက်ပြီး ရှင်သန်နိုင်သည်။ စားဖွယ်ဟင်းလျာ တစ်မျိုးအဖြစ် ထမင်းနှင့် အတို့အမြှပ် လုပ်စား ကြသည်။ အခွံနွှာလှီးပြီးတော့လည်း ဆုံထဲထည့်၍ ထောင်းစားကြသည်။ ၎င်းအပြင် ရေနွေးပွက်ပွက်ဆူအောင် အသုံးပြုထားသည့်ရေနွေးထဲ ဆားအနည်းငယ်ထည့်မွှေ ပြီးတော့ ရေနွေးအား အအေးခံ ကြက်သီးနွေး အနေတော်အချိန်တွင် အသီးအား ဖန်ပုလင်းထဲ ထည့်၍ စိမ်ထားပြီး နှစ်ပတ်ကျော်လျှင် နှပ်သွားပြီး ဆယ်ယူသုပ်စား ကြသည်။  အချို့ဆိုလျှင် သုပ်စားခြင်း မလုပ်ဘဲ ဆားရည်စိမ်အတိုင်း ကိုက်စားခြင်း မျိုးလည်း စားသုံးကြသည်။
ဖန်ခါးသီးပင်သည် မိုးဦးကျချိန် ကဆုန်လနှင့်ဝါဆိုလများတွင် စတင်ဖူးပွင့်၍ အပွင့်အဖြူရောင် (သို့မဟုတ်) အဝါဖျော့ဖျော့ ပန်းပွင့်လေးများ ပွင့်ဖတ်မရှိပဲ ပွင့်ချပ်ဖြင့်သာပွင့်၍ ရက်သတ္တပတ်ကျော်လာလျှင် တဖြည်းဖြည်းချင်း အပွင့်ကြွေ၍ အသီးအကင်းဖြစ် ပြောင်းလဲလာပြီးနောက် ကြီးထွားလာသည်။ အသီးမှာ အသားမာပြီး အစေ့ဆန်တစ်ခုပါသော အသီးမျိုးဖြစ်ပြီး  အခိုင်လိုက် တွဲလောင်းကျလျက်ရှိရာ  အခိုင်တစ်ခိုင်လျှင် ငါးလုံးမှ ၁၀ လုံးထိ အသီးတင်လျက်ရှိသည်။ အသီးမှာ လုံးဝန်း တာမျိုးရှိသကဲ့သို့ အချို့အလုံးမှာ ဘဲဥပုံသဏ္ဌာန်ဖြစ်ပြီး အသီးအရောင်မှာ အစိမ်း ရှိသော်လည်း အချို့အသီးအရောင်မှာ ပန်းစွဲသည့် နီညိုရောင်ဖျော့ဖျော့လေး ရှိကြ သည်။ ဖန်ခါးသီးသည် နာမည်နှင့်လိုက်အောင် ဖန်ခါးသော်လည်း အစာလည်းဆေး ဆေးလည်းအစာဆိုသလို အတန်အသင့်စားပေးခြင်းအားဖြင့် ကျန်းမာရေးအကျိုး ကျေးဇူးများရရှိနိုင်သည်။  ဖန်ခါးသီးကို စားပေးခြင်းအားဖြင့် မြန်မာဆေးကျမ်းများ အလိုအရ ဖန်ခါးသီးဟာဆိုရင် သွေးသားစင်ကြယ်စေပြီး မျက်စိကိုလည်း အား ကောင်းစေသည်။ အစာအိမ်နှင့် အူလမ်းကြောင်းရှင်းပေး၍ အစာခြေလမ်းကြောင်း များအား အထောက်အကူဖြစ်စေပြီး အူမကြီး၊ အူသိမ်တို့ကိုပံ့ပိုးပေး၍ အစာအိမ် ရောင်ပြီး အစာမကြေခြင်း ရင်ပူခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း များကို သက်သာစေနိုင်ကြောင်း၊ အစာအိမ် အချဉ်ပေါက်ခြင်းကို လျော့နည်းစေခြင်း၊ အစာအိမ်အနာဖြစ်ခြင်းကို ကာကွယ်ပေးခြင်း၊ အစာအိမ်နှင့်ပတ်သက်သည့် ရောဂါ များကိုလည်း ကာကွယ်ပေးသည်။  သွေးအတွင်း Glucose level မြှင့်တင်ပေးခြင်း နှင့် သကြားဓာတ် သွေးထဲဝင်ရောက်မှုအား ထိန်းညှိပေးနိုင်ပြီး Chedulic ပါဝင်တာ ကြောင့် သွေးတွင်း သကြားဓာတ်ကိုလည်း လျှော့ချပေးနိုင်သည်။ အဝလွန်သူများ ပုံမှန်စားပေးပါက ကိုယ်အလေးချိန်အား ထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးကို ပြုတ်ပြီး အရည်ကို နွားနို့နှင့် ရောတိုက်ပါက အရက်မူးခြင်းကို သက်သာခြင်း၊ အသီးကို အခြောက်ခံပြီး ကြိတ်ထားသောအမှုန့်ကို အုန်းဆီနှင့်ရော၍ မီးလောင်ဖုများကို လိမ်းပေးသော် အနာသက်သာစေသည်။ မျက်စိကိုက်ခဲခြင်းများဖြစ်ပါက အသီး အား ထု၍ တစ်ညရေစိမ်လိုက်ပြီး အပေါ်ယံရေကြည်ကို မျက်စိဆေးပေးပါက သက်သာပျောက်ကင်းစေပြီး ၎င်းအပြင် မျက်စိ အမြှေးရောင်ခြင်းကိုလည်း သက်သာစေသည်။ ထို့ကြောင့် ပုံမှန်စားပေးပါက မျက်စိအမြင်အာရုံကို ကောင်းစေပြီး ခန္ဓာ ကိုယ် နာကျင်ခြင်းမျိုး သက်သာစေသည့်အပြင် အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း၊ ကြွက်သား နာကျင်တာနှင့် နာကျင်မှုအမျိုးမျိုးကိုလည်း သက်သာပျောက် ကင်းစေသည်။ 
ဖန်ခါးသီးထဲတွင် antioxidants ဓာတ်များကြွယ်ဝစွာပါဝင်ပြီး Ellagic acid , gallic acid chebulic acid  , flavonol glycosides , selenium Vitamin - C နှင့် Vitamin –E တို့ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်က ဓာတ်တိုးပစ္စည်းများကို ဖယ်ရှားပေးပြီး ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးနိုင်သည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုအဆုတ်ရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးသည်။ဖန်ခါးသီးသည် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေတဲ့အပြင် အလှအပအတွက်လည်း အသုံးပြုကြကြောင်း၊ ဝက်ခြံပေါက်ပြီး အမြစ်မထွက်ဘဲနေပါက ဖန်ခါးသီး၏အစေ့ကို ဆန်ဆေးရည်နှင့် သွေးလိမ်းပါက ပျောက်ကင်းစေပါတယ်။ ဖန်ခါးသီးက ဆေးဖက်ဝင်တယ်ဆိုသော်လည်း ဘေးထွက်ဆိုးကျိုးတော့ရှိသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊  နို့တိုက်မိခင်များ၊ ဆီးချိုရောဂါရှိနေသူများနှင့် ခွဲစိတ်ကုသမှုခံယူမည့်သူများ စားသုံးရန်မသင့်ကြောင်း လေ့လာသိရှိရသည်။
DOCA (Kayah - Aye )