Main menu

Background

ပဲငံပြာရည် ထုတ်လုပ်ပုံအကြောင်း သိကောင်းစရာ

Mon, 07/31/2023 - 12:11 -- journal_editor

မြန်မာနိုင်ငံအတွင်း    နေထိုင်ကြသော သန်းပေါင်းများစွာသော   လူသားများအတွက် အစားအသောက်ပြုလုပ်ရာတွင် အသုံးပြုသည့် ပဲငံပြာရည်သည်  အိမ်ရှင်မများ၏ မရှိမဖြစ် လိုအပ်သော  မီးဖိုချောင်သုံးပစ္စည်းတစ်ခုဖြစ် သည်။ ပဲငံပြာရည်ကို ဟင်းချက်ရာတွင်လည်း ကောင်း၊ မုန့်ပဲသရေစာ ပြုလုပ်ရာတွင် လည်း ကောင်း၊ ခေါက်ဆွဲအမျိုးမျိုး စားသုံးရာတွင်လည်း ကောင်း အသုံးပြုလျက်ရှိသည်။
ပဲငံပြာရည်  ထုတ်လုပ်မည်ဆိုပါက ကုန် ကြမ်းအနေဖြင့် ရှမ်းပဲပုပ်(သို့) ပဲပိစပ်၊ ထန်းလျက် (သို့) ကြံသကာ၊ ဆားစသည့် ပစ္စည်းများ လိုအပ် သည်။ ပထမဦးစွာ ပဲပုပ်(သို့)ပဲပိစပ်ကို ပွလာ အောင် တစ်ညရေစိမ်ပြီး နောက်တစ်နေ့ ပဲပုပ် ရေဝ၍ ပွလာလျှင် ပဲကိုနူးအောင် ပြုတ်ရပါမည်။ ထို့သို့ ပြုတ်ထားသည့်ပဲကို ရေစစ်ပြီး နေလှန်း ထားရပါမည်။  
ထို့နောက် ကြံသကာ (သို့) ထန်းလျက်ကို အရည်ကျိုထားရပါမည်။    နေလှန်းထားသည့်  ပဲပုပ် ကောင်းကောင်းခြောက် သွေ့သွားသည့်ချိန် ကြံသကာ (သို့)     ထန်းလျက်ပြုတ်ထားသည့် အရည်ထဲသို့   အိမ်သုံးဆားနှင့်   ရောထည့်၍ စဉ့်အိုး (သို့) လှောင်ကန်ထဲထည့်ပြီး လေဒဏ်၊ မိုးဒဏ်ခံနိုင်အောင် အဖုံးကို လုံလုံခြုံခြုံ ဖုံးအုပ် ထားရပါမည်။ အနည်းဆုံး တစ်နှစ်မှ လေးနှစ်ထိ စိမ်ထားပြီးနောက် ပဲပုပ်ဖတ်များစစ်၍ ဆယ်ယူ ခြင်းဖြင့် ကျန်ခဲ့သည့်အရေမှာ ငံပြာရည် ဖြစ်ပေါ် လာသည်။ ထိုငံပြာရည်ကို ပြန်ကျိုချက်လိုက်ခြင်း ဖြင့် ပဲငံပြာရည်စစ်စစ်ဖြစ်လာပါသည်ဟု ကျိုင်းတုံ မြို့   အမှတ်(၄)ရပ်ကွက် ရွှေဆင်အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်းရှင်   ဒေါ်နန်းဟွမ်ခမ်း၏ ပြောပြချက်အရ သိရှိရသည်။
ပဲငံပြာရည်၏ သက်တမ်းမှာ ထုတ်လုပ် သည့်နေ့မှစ၍ သုံးလအထိ  အထားခံကြောင်း အိမ်ရှင်မများအနေဖြင့် ပဲငံပြာရည် ဝယ်ယူသုံးစွဲ ရာတွင် အသုံးပြုပြီးပါက ပဲငံပြာရည်ပုလင်းအား လေလုံအောင် စနစ်တကျထားပြီး သုံးစွဲပါက တစ်လအထိ အထားခံကြောင်း သိရသည်။ 
ရွှေဆင်အမှတ်တံဆိပ် ပဲငံပြာရည်လုပ်ငန်း ရှင်အနေဖြင့် ပဲငံပြာရည် တစ်လီတာ ပုလင်းတစ် လုံးလျှင် ကျပ်တစ်ထောင်ဖြင့် ရောင်းချရာ တစ် ပတ်လျှင် ပုလင်းအလုံးရေ  ၁၂၀ ခန့်  ရောင်းရ ကြောင်းနှင့် ဒေသတွင်း ဖြန့်ဖြူးရောင်းချရာတွင် အောင်မြင်မှု  ရရှိလာပါက  ပြည်မကြီးမှတဆင့် ပြည်ပအထိတင်ပို့ရန်အတွက် ရည်ရွယ်၍ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။

အောင်လင်းဦး (ရှမ်းရှေ့)