Main menu

Background

စာပေနှင့် အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

Mon, 08/14/2023 - 10:06 -- journal_editor

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို သြဂုတ် ၇ ရက် နံနက် ၁၀ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပ ရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါအသိ ပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများ၊ သက်ဆိုင်ရာ  ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်၊ မေ ၂၄ ရက်တွင် အတည်ပြုပြဋ္ဌာန်း ခဲ့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတွင် အာဏာသက်ဝင်မည်ဖြစ်သည့်အတွက် စာပေနှင့်အနု ပညာ မူပိုင်ခွင့်ဥပဒေကိုသိရှိနားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာ ကျင့်သုံးနိုင်စေရန် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုရှိလာ ပါက မှတ်ပုံတင်ထားခြင်းဖြင့် အခွင့်အရေးပိုင်ရှင်များအတွက် ခိုင်လုံသောသက်သေ အထောက်အထား ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ဖန်တီးသူ လက်ရာရှင်များနှင့် ပြည်သူများအား စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ 
ဆက်လက်၍ စာပေနှင့်အနုပညာ  မူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး   ဒေါက်တာနွယ်ရီဝင်းက   စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်း စရာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက် လာကြသူများက သိရှိလို သည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ 
ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ စာပေနှင့်အနုပညာကဏ္ဍသည် နိုင်ငံအတွက်အရေးကြီးသည့် ကဏ္ဍတစ်ရပ်တွင် ပါဝင်ကြောင်း၊ စာပေနှင့်  အနုပညာမူပိုင်ခွင့်ဥပဒေ အကောင်အထည် ဖော်နိုင်ရေးအတွက် နည်းဥပဒေ(၂)ရပ်အား ရေးဆွဲလျက်ရှိပြီး မကြာမီကာလအတွင်း ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများကို ရရှိနိုင်ရေးအတွက် အသိပညာ ဗဟုသုတ မျှဝေခြင်းဖြစ်ကြောင်း၊  မူပိုင်ခွင့်ဥပဒေ၏ အဓိကရည်ရွယ်ချက်သည်လည်း စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက် စေရေး ပြည့်စုံကောင်းမွန်သော မူပိုင်ခွင့်စနစ် တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အခြေခံအုတ်မြစ်များဖြစ်သည့် မူပိုင်ခွင့် ဥပဒေ(၄)ရပ်၊ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီ၊ မူပိုင်ခွင့်ဆိုင်ရာအေဂျင်စီများကို ဖွဲ့စည်းပြီးဖြစ်သည့်အပြင် လိုအပ်သည့် နည်းဥပဒေများလည်း မကြာမီပြဋ္ဌာန်းနိုင်မည်ဖြစ်သည့်အတွက် မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ရန်  လိုအပ်သော အခြေခံပြည့်စုံမှုရှိနေပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကိုလည်း အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုပါ ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။                               

    MOC(IR)