Main menu

Background

မျှတသော ဈေးကွက်ယှဉ်ပြိုင်မှု

Tue, 10/10/2023 - 09:04 -- journal_editor

မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုသည် နိုင်ငံစီးပွားရေး နှင့် နိုင်ငံသားတို့အတွက် အကျိုးများစွာ ဖြစ်ထွန်းစေသည်။ ]အပြိုင်အဆိုင်ရှိမှ တိုးတက်သည်} ဟူသော စကားအတိုင်း ယှဉ်ပြိုင်မှုသည် နိုင်ငံ့စီးပွားရေးသာမက ဈေးကွက်အတွင်းရှိ လုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် ဝန်ဆောင်မှု အသုံးပြုသူ ဝယ်ယူသူများအတွက်လည်း  လွန်စွာအကျိုးရှိပေသည်။ ယှဉ်ပြိုင်မှုကြောင့် ဈေးကွက်အတွင်း တီထွင်ကြံဆမှု  အား ကောင်းလာစေနိုင်ပါသည်။ ဝယ်ယူသူများအနေဖြင့်လည်း ကုန်ပစ္စည်းများကို ကောင်းမွန်သော ဝန်ဆောင်မှု၊ မျှတသော ဈေးနှုန်းဖြင့် ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ တီထွင်ကြံဆမှု အားကောင်းလာပါက ကုန်ပစ္စည်းများကို ပြည်တွင်းဈေးကွက် တွင်သာမက ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်သော အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်သဖြင့် နိုင်ငံ့စီးပွားရေး အတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်။
သို့သော်လည်း ဈေးကွက်အတွင်း  ယှဉ်ပြိုင်ရာတွင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ  လုပ်ငန်းစု တစ်ခုတည်းကသာ လွှမ်းမိုးလာသည့်အခါတွင် ဝန်ဆောင်မှု/ ကုန်ပစ္စည်း  ဝယ်ယူအသုံးပြုများအတွက် ရွေးချယ်ခွင့်မှာ အကန့်အသတ်ရှိလာပြီး ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်လာ ခြင်း၊ ဝန်ဆောင်မှု အရည်အသွေး ကျဆင်းခြင်းစသည့် အနုတ် သဘောဆောင်သည့် သက်ရောက်မှုများဖြစ်လာနိုင်သည်။ လုပ်ငန်းစုတစ်ခု သို့မဟုတ် အနည်းစုကသာလျှင် ဈေးကွက် ဝေစုအများစုကို   ရယူထားပါက လက်ဝါးကြီးအုပ်စနစ် ဖြစ်လာစေနိုင်သည်။ ဈေးကွက်အတွင်း လုပ်ငန်းများ တစ်ခု နှင့်တစ်ခု ပြိုင်ဆိုင်ရာတွင် ဈေးကစားခြင်း အသရေဖျက်ခြင်း စသည့် ဥပဒေနှင့်မလွတ်ကင်းသော နည်းလမ်းများ အသုံးပြု ၍ ဈေးကွက်ကို ခြယ်လှယ်သည့် လုပ်ဆောင်မှုများ ရှိလာပါက မျှတသော ယှဉ်ပြိုင်မှုကို အတားအဆီးဖြစ်စေနိုင်သည်။
ဥပမာအားဖြင့်ဆိုရသော်   အစားအသောက်များကို မိမိအိမ်မှ မှာယူစားသောက်သည်ဆိုပါစို့။ အစားအသောက် ပို့သည့် ဝန်ဆောင်မှုဈေးကွက်အတွင်း ကုမ္ပဏီ (က)၊ ကုမ္ပဏီ (ခ)၊ ကုမ္ပဏီ (ဂ)၊ ကုမ္ပဏီ (ဃ)၊ ကုမ္ပဏီ (င) ဟူ၍ ကုမ္ပဏီ လုပ်ငန်း ငါးခုရှိပါက ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ရွေးချယ်ရာ ငါးခုရှိပြီး နှစ်သက်ရာကို အသုံးပြုနိုင်သည်။ သို့ရာတွင် ကုမ္ပဏီ (က)မှ အခြားကုမ္ပဏီ(ခ)နှင့်(ဂ)ကို ဝယ်ယူ ပြီး လုပ်ငန်းစုတစ်ခုတည်းသာ ဖြစ်သွားပါက ဝန်ဆောင်မှု အသုံးပြုသူများအနေဖြင့် နှစ်သက်ရာဝန်ဆောင်မှု ရွေးချယ် ခွင့် မရှိနိုင်တော့ပေ။ ထိုသို့ဖြစ်ပါက လုပ်ငန်းစုအနေဖြင့် မတန်တဆ ဈေးတင်ခြင်း၊ ဝန်ဆောင်မှုအရည်အသွေး လျှော့ ချခြင်း စသည်တို့ကို ပြုလုပ်လာနိုင်သည်။ 
ထို့ကြောင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုများကို ကာ ကွယ်ရန်နှင့် မျှတသော ဈေးကွက်ယှဉ်ပြိုင်မှုကို ပိုမိုအား ကောင်းစေရန်အတွက် ယှဉ်ပြိုင်မှုဥပဒေ ပြဋ္ဌာန်းထားသည်။ ဥပဒေပါ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်စေရန် ဈေးကွက်ထိန်းညှိရာတွင် ပိုမိုအားကောင်းစေ ရန် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားရှိသည်။ 
ယှဉ်ပြိုင်မှုကို အတားအဆီးဖြစ်စေသည့် ဆောင်ရွက်  ချက်များဖြစ်သည့် ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်သည့် သဘောတူညီချက်များပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း လွှမ်းမိုး ထားနိုင်သည့် အခြေအနေကို အလွဲသုံးစားပြု၍ ယှဉ်ပြိုင်မှုကို ကန့်သတ်ထိန်းချုပ်ခြင်း၊ တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစု အဖွဲ့ကဖြစ်စေ သက်ဆိုင်ရာ ဈေးကွက်အတွင်း လက်ဝါးကြီး အုပ် ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ် များကိုဆန့်ကျင်၍ ယှဉ်ပြိုင်မှုကို ထိခိုက်စေသော အပြုအမူ များဆောင်ရွက်ခြင်း စသည်တို့ကို ကျူးလွန်ပါက ကော်မရှင် အနေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။ 
ယင်းသို့  အရေးယူဆောင်ရွက်ရာတွင် ဖောက်ဖျက် ကျူးလွန်သည့် ပြစ်မှုအမျိုးအစားအလိုက် စီမံခန့်ခွဲရေး နည်း လမ်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ အရေးယူဆောင် ရွက်မည်ဖြစ်သည်။ ယှဉ်ပြိုင်မှုဥပဒေကို ဖောက်ဖျက် ကျူးလွန် သည့် စီးပွားရေးလုပ်ငန်း  လုပ်ကိုင်သူများကို စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူဆောင်ရွက်ရာတွင် -
    (က)    သတိပေးခြင်း၊
    (ခ)     သတ်မှတ်ထားသောဒဏ်ကြေးငွေ ပေးဆောင်စေ ခြင်း၊
    (ဂ)    လုပ်ငန်းဆောင်ရွက်ခြင်းကို ယာယီ သို့မဟုတ် အမြဲ တမ်း ပိတ်သိမ်းရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့  အရေးယူဆောင် ရွက်မည်ဖြစ်သည်။
ပြစ်မှုကြောင်းအရ   အရေးယူဆောင်ရွက်ရာတွင် အနည်းဆုံး ထောင်ဒဏ်သုံးလမှ အများဆုံး နှစ်နှစ်အထိဖြစ် စေ၊ အနည်းဆုံး ငွေဒဏ်  ကျပ်တစ်သိန်းမှ  အများဆုံး ကျပ် သိန်း ၁၅၀ အထိဖြစ်စေ၊ ထောင်ဒဏ်ရော ငွေဒဏ်ပါ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေနှင့်အညီ လုပ်ငန်းများကို လုပ်ဆောင်ခြင်းဖြင့် မျှတသောယှဉ်ပြိုင်မှု၏ အသီးအပွင့်များ ကို ပြည့်ဝစွာ ခံစားရရှိနိုင်မည်ဖြစ်သည်။

 

သုတအောင်