မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလှ၊ ကျွန်းညိုကြီး၊ သံပုရာပင်ကုန်း၊ မြင်းကျွန်း၊ ကျွန်းညို၊ မှိုက်ပင်ကုန်း၊ တင်းဂပ်အုပ်စုအတွင်းရှိကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိက ထားလုပ်ကိုင်ကြ၍ ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေ များတွင် နှစ်စဉ် ငရုတ်၊ ဆေးရွက်ကြီး၊ အစေ့ထုတ်ပြောင်း(CP)၊ ပဲနီ ကြားနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက် ဒေသစီးပွားဖြစ် စိုက် ပျိုးကြပြီး ငရုတ်သီးနှံနှင့် ဆေးရွက်ကြီးကို စိုက်ဧကအများ ဆုံးစိုက်ပျိုး ကြောင်း သိရှိရသည်။ ဗမာဆေးရွက်ကြီးမျိုးကို အများဆုံး စိုက်ပျိုး ကြောင်း၊ ယခင်နှစ်က စိုက်ဧက(၃၀ဝ)ခန့် စိုက်ပျိုးပြီး သီးနှံရောင်းချ ချိန် ဒေသတွင်းဈေးကွက်ကောင်း၍ ဝယ်လိုအားကောင်းပြီး ဈေးနှုန်း မြင့်တက်မှုကြောင့် ယခုနှစ်တွင် ဆေးရွက်ကြီးစိုက်ဧက ၃၅၀ ခန့် အထိ တောင်သူများ စိုက်ပျိုးမှုများလာကြောင်း သိရှိရသည်။
စိုက်ပျိုးမှုအနေဖြင့် ဗမာဆေးရွက်ကြီးကို သဲနုန်းမြေအမျိုး အစားတွင် စိုက်ပျိုးကြပြီး ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြောင်း ဒေသခံ တောင်သူများမှ မိမိစိုက်ခင်းထွက်ဆေးရွက်ကြီးမျိုးစေ့ကို ကိုယ်တိုင် ပျိုးခင်းထောင်၍ စိုက်ပျိုးခြင်းနှင့် ပျိုးပင်ဝယ်ယူစိုက်ပျိုးခြင်း နှစ်မျိုး ဖြင့် စိုက်ပျိုးကြောင်း၊ မျိုးစေ့တစ်ပြည် ကျပ်တစ်သောင်းခန့် ပေါက် ဈေးရှိပြီး ပျိုးပင်တစ်ပင် ခုနစ်ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရ ကြောင်း၊ မျိုးစေ့မှ ပျိုးထောင်လုပ်ငန်းကို တော်သလင်းလတွင် ပျိုးထောင်ပြီး ၄၅ ရက်ကြာလျှင် စိုက်ခင်းသို့ ပျိုးပင်များ ပြောင်းရွှေ့ စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် ပျိုးပင် ၇၀ဝ၀ခန့် ဝင်ဆံ့ပြီး ပင်ကြား တန်းကြားနှစ်ပေအကွာ စိုက်ပျိုးကြောင်း၊သီတင်းကျွတ်လတွင် စတင် စိုက်ပျိုးပြီး တပေါင်းလတွင် ဆေးရွက်ကြီးများ ခူးကြောင်း၊ ယခုအချိန် တွင် စိုက်ပင်သက်တမ်းနှစ်လခန့်ရှိ၍ အပင်အောက်ခြေ အရွက်ရင့် များ စတင်ခူးကြောင်း၊ ပင်စည်မှထွက်သော အတက်သေးများကိုလည်း ဖဲ့ပေးခြင်းဖြင့် စိုက်ပင်မှ ဆေးရွက်ကြီးများ ကြီးထွားရန် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ဆေးရွက်ကြီးစိုက်ပျိုးမှုတစ်ဧကလျှင် ရာသီဥတု၊ မြေသား၊ သွင်းအားစု သုံးစွဲပုံ မတူညီ၍ တောင်သူတစ်ဦးချင်း နှစ်စဉ်အထွက် နှုန်း မတူညီကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တစ်ဧက ပျမ်းမျှပိဿာ ၁၀ဝ၀ မှ ၁၅၀ဝ ထိ ထွက်ရှိကြောင်း၊ ယခင်နှစ်က ပိဿာ ၉၀ဝ မှ ၁၃၀ဝ ထိ ထွက်ရှိပြီး၊ တစ်ပိဿာလျှင် ကျပ်၁၀ဝ၀ မှ ၂၀ဝ၀ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆေးရွက်ကြီးတစ်ပိဿာ လျှင် အရည်အသွေးလိုက်၍ ကျပ် ၂၅၀ဝ မှ ၃၅၀ဝ ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၀ ခန့် ကုန်ကျပြီး ၄၅ သိန်းခန့် ဝင်ငွေရရှိ၍ ကျပ် ၂၅ သိန်းခန့် အကျိုး အမြတ် ရရှိကြောင်းသိရသည်။ ယခုနှစ်တွင် အလုပ်သမားငှားရမ်းခ၊ သွင်းအားစု အမျိုးမျိုးနှင့် စက်သုံးဆီ ဝယ်ယူခဈေးနှုန်းကြီးမြင့်မှု ကြောင့် ကျပ် ၂၈ သိန်းခန့် ကုန်ကြမည်ဖြစ်၍ ဒေသတွင်း သီးနှံ ရောင်းချချိန်တွင် ဆေးရွက်ကြီးတစ်ပိဿာ ကျပ် ၄၀ဝ၀ ခန့်ဈေးနှုန်း ဖြင့် ရောင်းချမှသာ စိုက်တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း ကျွန်းညိုကြီးကျေးရွာရှိ စိုက်တောင်သူ ဦးစိန်သန်းမှတစ်ဆင့် သိရ သည်။
ဆေးရွက်ကြီးသည် မြန်မာလူမျိုးများအနေဖြင့် သုံးစွဲမှု နည်းပါး သော်လည်း လူတိုင်းအတွက် အသုံးဝင်သော ကျန်းမာရေးဆေးဖက် ဝင်တစ်မျိုးဖြစ်၍ ပခုက္ကူဒေသရှိ စိုက်တောင်သူများသည် နှစ်စဉ် မပြတ် စိုက်ပျိုးခဲ့ရာ တောင်သူများမှ ထွက်ရှိသော ဆေးရွက်ကြီးနှင့် ဆေးရိုးများကို ပခုက္ကူမြို့ပေါ်ရှိ ကုန်ကြမ်းသုံးစွဲမှု များလျက်ရှိသော ဆေးလိပ်ခုံလုပ်ငန်းရှင်များ၊ ကွမ်းယာရောင်းဝယ်ရေးလုပ်ငန်းရှင် များနှင့် မြန်မာ့တိုင်းရင်းဆေး ဖော်စပ်ထုတ်လုပ်ရောင်းချသောလုပ် ငန်းရှင်များမှ ကျေးရွာများထိ ဆင်း၍ နှစ်စဉ် ဝယ်ယူလျက်ရှိပြီး ရောင်းလိုအားဝယ်လိုအားကောင်း၍ဈေးကွက်ခိုင်မာမှုရှိခြင်းကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ နှစ်စဉ်မပြတ် ဒေသစီးပွား ဖြစ် ဆေးရွက်ကြီးစိုက်ပျိုးခြင်းကြောင့် ပြည်တွင်းရှိ ဒေသခံစိုက်ပျိုးရေး တောင်သူများ၊ အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်သန်း (ပခုက္ကူ)