E-Commerce အစပျိုးချိန်
E-commerce ဟုခေါ်သည့် အီလက်ထရွန်နစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ခြင်းကို လူတိုင်း ရင်းနှီးကြားဖူးကြမည်ဟု ယုံကြည်မိသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ အထူးသဖြင့် အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများတွင် ၂၁ ရာစု မတိုင်မီ ကတည်းက E-commerce စနစ်ဖြင့် ကုန်စည်များ ရောင်းခြင်း၊ ဝယ် ခြင်းများကို ပြည်တွင်းတွင်လည်းကောင်း၊ နိုင်ငံဖြတ်ကျော်၍လည်းကောင်း တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြသည်။ အချိန်ကာလ အတိအကျအရဆိုရင် ပထမဆုံးသော အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်ခြင်းများကို ၁၉၈၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ Boston Computer Exchange ကုမ္ပဏီက စတင်ခဲ့ပြီး အသုံးပြုပြီးဖြစ်သော Computer များ ရောင်းဝယ်သည့် အွန်လိုင်းဈေးကွက်အဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်ပြီး ၁၉၉၅ ခုနှစ်တွင် အွန်လိုင်းမှဈေးရောင်းဝယ် ခြင်းများကို ဆောင်ရွက်နိုင်သည့် Amazon နှင့် E-bay စသည့် E-commerce Platform နေရာနှစ်ခု ပေါ်ပေါက်ခဲ့သည်။ E-commerce Platform များ ပေါ်ပေါက်လာသည် နှင့်အမျှ အွန်လိုင်းမှ ဈေးဝယ်ယူသူများအတွက် စိတ်ချယုံကြည်ရသည့် ငွေပေးချေခြင်းလုပ်ငန်းစဉ်များ (Digital Money Transfer) ကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများလည်း ပေါ်ပေါက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် Pay pal debuts, ၂၀ဝ၀ ပြည့်နှစ်တွင် Google debuts၊ ၂၀ဝ၉ ခုနှစ်တွင် square debuts နှင့် ၂၀၁၄ ခုနှစ်တွင် App pay ဟူ၍ ပေါ်ပေါက်ခဲ့ကြသည်။
E-Commerce အာရှနိုင်ငံများသို့ ထိုးဖောက်လာခြင်း
အီလက်ထရွန်နစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ခြင်းသည် ၂၀ ရာစုနှောင်းပိုင်းကာလမှစ၍ အနောက် ဥရောပနိုင်ငံများတွင် စတင် ဖွံ့ဖြိုးလာမှုနှင့်အတူ ၂၁ ရာစုစတင်အစပျိုးချိန်တွင် အာရှနိုင်ငံ များတွင်လည်း ဖွံ့ဖြိုးမှု အစပြုလာခဲ့သည်။ တရုတ်နိုင်ငံတွင် ၁၉၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့သော Alibaba Group ၏ E-commerce platform သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းစာရင်းဝင်လာခဲ့ သည်။ အရှေ့အာရှနိုင်ငံများဖြစ်သည့် ဂျပန်နှင့် ကိုရီးယားအပြင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့တွင် E-commerce ဖြင့် ရောင်းခြင်း၊ ဝယ်ခြင်းများကို တွင်ကျယ်စွာ အသုံးပြုသည့် နေရာများ ဖြစ်လာနေသည်။
E-commerce အသုံးပြုမှုနည်းလမ်းများ
E-commerce သုံးစွဲသူများ၏ ဈေးဝယ်အတွေ့အကြုံများ အပေါ် မူတည်၍ E-commerce Platform သုံးစွဲသူဈေးကွက် ကြီးမားလာနေခြင်းဖြစ်သည်။ ၂၁ ရာစုကာလတွင် Mobile App များကိုသုံး၍ E-commerce ကို တွင်တွင်ကျယ်ကျယ် အသုံးပြုမှုနှုန်းများ မြင့်တက်လာနေပြီး၊ ပိုမိုလွယ်ကူလျင်မြန်မှု အရှိန်လည်း မြင့် တက်လာနေသည်။ ၎င်းအပြင် E-commerce ကိုအသုံးပြု၍ နိုင်ငံရပ်ခြားများမှ အရည်အသွေးမြင့် ကုန်ပစ္စည်းများကို မှာယူနိုင်သည့် နယ်စပ်ဖြတ်ကျော်ရောင်းခြင်း၊ ဝယ်ခြင်း (Cross- Border E-commerce) စနစ်သည်လည်း ဖွံ့ဖြိုးတိုးတက်လာသည့် လုပ်ငန်းတစ်ခုဖြစ်လာနေ သည်။ ယခုအခါတွင် ပိုမိုခေတ်စားလာနေသည့် လမ်းကြောင်းမှာ ဆိုရှယ်မီဒီယာကွန်ရက်ကို အသုံးပြု၍ ဈေးရောင်းခြင်း၊ ဝယ်ခြင်းများကို ဆောင်ရွက်လာနေကြသည်။ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီဖွံ့ဖြိုးလာ သည်နှင့်အမျှ နည်းပညာတိုးတက်မှုမှာအရှိန်မြင့်မားလာနေသဖြင့် လူသားဉာဏ်ရည်များအတိုင်း ဆောင်ရွက်နိုင်သည့် ဉာဏ်ရည်တု ( Artificial Intelligence) များကို အသုံးပြုကာ အွန်လိုင်းမှရောင်းခြင်း၊ ဝယ်ခြင်းများတွင် ဖောက်သည်များအတွက် ဝန်ဆောင်မှုများကို လူသားအစား Computer Program များဖြင့် အစားထိုးအသုံးပြုခြင်းများ၊ အသံဖြင့် အွန်လိုင်းမှ ဈေးဝယ်ခြင်းများ ဆောင်ရွက်လာနိုင် ဖွယ်ရှိသဖြင့် ယင်းတို့နှင့်ကိုက်ညီသည့် နည်းပညာများကို E-commerce Platform များအနေဖြင့် ကြိုတင်ပြုပြင်ပြောင်းလဲထားရန် လိုအပ် သည်။
E-commerce အသုံးပြုမှုနည်းလမ်းများအနက် မြန်မာနိုင်ငံ တွင် E-commerce Platform များဖြင့် လုပ်ငန်းဆောင်ရွက်မှုများမှာ ဆယ်ဂဏန်းခန့်ရှိနေပြီး၊ အသုံးပြုမှုအများဆုံး နည်းလမ်းမှာ ဆိုရှယ်မီဒီယာ ကွန်ရက်များဖြစ်သည့် Facebook, Twitter, Wechat စသည်တို့ကို အသုံးပြု၍ အွန်လိုင်းမှ ဈေးရောင်းခြင်း၊ ဝယ်ခြင်းများကို တွင်ကျယ်စွာအသုံးပြုနေကြသည်။ ယင်းရောင်းဝယ်မှုများကို ထိန်းကျောင်းရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ E-Commerce guidelines ကို ထုတ်ပြန်ပြီး E-commerce Platform များနှင့် ပြည်တွင်း online sale များအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ရမည့် အစီအမံများကို စတင်ကျင့်သုံးဆောင်ရွက်နေပြီဖြစ်သည်။
အီလက်ထရွန်နစ်စနစ်ဖြင့် ရောင်းခြင်း၊ ဝယ်ခြင်းများ၏ အားသာချက်များ
ကုန်သွယ်မှုဆိုသည်မှာ ရောင်းခြင်း၊ ဝယ်ခြင်းဟု သမားရိုးကျ အဓိပ္ပ္ပ္ပာယ် ဖွင့်ဆိုသည့်အတိုင်း အီလက်ထရွန်နစ်စနစ်ဖြင့် ရောင်း ခြင်း၊ ဝယ်ခြင်းများသည် သမားရိုးကျရောင်းခြင်း၊ ဝယ်ခြင်းများထက် မည်ကဲ့သို့သော အားသာချက်များရရှိနိုင်ပါသလဲ။
စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် e-commerce နှင့်ဆက်စပ်သော အားသာချက်များစွာရှိသည်။ စီးပွားရေးလုပ်ငန်း များကို အွန်လိုင်းမှတစ်ဆင့် တစ်ကမ္ဘာလုံးရှိ သုံးစွဲသူများထံသို့ တစ်ခဏအတွင်း ရောက်ရှိစေသည်။ အွန်လိုင်းတည်ရှိမှုနှင့်အတူ ကုမ္ပဏီများသည် ပထဝီဝင်ဆိုင်ရာ အတားအဆီးများကို ကျော်ဖြတ်ပြီး ၎င်းတို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများထံ ဈေးကွက်တင်ရောင်းချနိုင်သည်။ သမားရိုးကျ ရောင်းခြင်း/ဝယ်ခြင်းများနှင့် မတူညီဘဲ ဈေးရောင်းခြင်း၊ ဝယ်ခြင်း များကို ပုံသေသတ်မှတ်ထားစရာမလိုဘဲ ၂၄/၇ ပုံစံအတိုင်း လည် ပတ်နိုင်သဖြင့် သုံးစွဲသူများအား အချိန်မရွေး ဈေးဝယ်ရန် လိုက်လျော ညီထွေဖြစ်စေပြီး အရောင်းအခွင့်အလမ်းများ တိုးပွားစေသည်။ သမားရိုးကျရောင်းဝယ်မှုများနှင့် နှိုင်းယှဉ်ပါက လည်ပတ်မှု ကုန်ကျ စရိတ် နည်းပါးလေ့ရှိသည်။ အိမ်လခ၊ အသုံးစရိတ်နှင့် ဝန်ထမ်းလစာများကဲ့သို့သော အသုံးစရိတ်များကို သက်သာစေနိုင်သည်။ ဤ ကုန်ကျစရိတ်ထိရောက်မှုသည် ဖောက်သည်များအတွက် ပိုမိုယှဉ် ပြိုင်နိုင်သောဈေးနှုန်းကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းပြင် e-commerce သည် သုံးစွဲသူများအတွက် အဆင်ပြေသော ဈေးဝယ် အတွေ့အကြုံ ကိုပေးသည်။ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများအကြောင်း အသေးစိတ် အချက်အလက်များကို ပေးဆောင်နိုင်စေသဖြင့် ကွဲပြား သောထုတ်ကုန်များနှင့် ဈေးနှုန်းများကို ရှာဖွေကြည့်ရှုနှိုင်းယှဉ်ကာ မိမိတို့၏အိမ်မှပင် သက်သောင့်သက်သာဖြင့် ဝယ်ယူမှုများ ပြုလုပ် နိုင်သည်။
အွန်လိုင်းဖြင့်ငွေပေးငွေယူစနစ်သည် ရိုးရာ လက်လီရောင်းချ မှုနှင့် ဆက်စပ်သော စာရွက်စာတမ်းလိုအပ်မှုကို သိသိသာသာလျှော့ ချနိုင်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို တစ်ဖက်တစ်လမ်းမှ လျှော့ချ ပေးနိုင်သည်။ အင်တာနက် သုံးစွဲသူများပြားလာသည်နှင့်အမျှ အင်တာနက်ဖြင့် ရောင်းဝယ်မှုလုပ်ငန်းများသည် ကျယ်ပြန့် ကြီးမား စေမည့် အလားအလာရှိသဖြင့် ချဲ့ထွင်လိုသော အသေးစားလုပ်ငန်း များအတွက် အီလက်ထရွန်နစ်စနစ်ဖြင့် ရောင်းဝယ်မှုများတွင် အကျိုး ကျေးဇူးများစွာရရှိစေနိုင်သည်။
တွန်းအားပေးသင့်သည့် အစီအမံများ
ဒစ်ဂျစ်တယ်စီးပွားရေးတွင် စီးပွားရေးလုပ်ငန်းများ ရှင်သန်ရန် အတွက် ကောင်းမွန်သော စီးပွားရေးရပ်ဝန်းများကို ဖြစ်ပေါ်စေသည့် မူဝါဒများနှင့် အစီအမံများကို အကောင်အထည်ဖော်ခြင်းသည် e-commerce ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာရောက်သည်။ ပထမ ဦးဆုံးအနေနှင့် အီလက်ထရွန်နစ်ရောင်းဝယ်ခြင်းနှင့် ဆိုင်သည့် ထိရောက်ရှင်းလင်းခိုင်မာသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ချမှတ်ရန်လိုအပ်သည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အွန်လိုင်း ငွေပေး ငွေယူများမှ ဒွန်တွဲနေသဖြင့် အွန်လိုင်း ငွေပေးငွေယူများတွင် ယုံကြည်မှုတည်ဆောက်ရန်အတွက် လူတစ်ဦး တစ်ယောက်ချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို စိတ်ချလုံခြုံကာကွယ်မှုပေးသည့် ( Data privacy laws) ကဲ့သို့သော မူဝါဒ/ဥပဒေ ၊ စည်းမျဉ်းစည်းကမ်း များကိုလည်း ချမှတ်ထားသင့်သည်။ E-commerce လုပ်ငန်းများကို ပံ့ပိုးရန်အတွက် မြန်နှုန်းမြင့် အင်တာနက် အသုံးပြုခွင့် အပါအဝင် ခိုင်မာပြီး လုံခြုံသော ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများ ရင်းနှီးမြှုပ်နှံမှုများကို တွန်းအားပေးဆောင်ရွက်သင့်သည်။ ဒစ်ဂျစ် တယ်စီးပွားရေးတွင် ထိရောက်စွာပါဝင်နိုင်ရန် စီးပွားရေးလုပ်ငန်း များနှင့် စားသုံးသူများအကြား ဒစ်ဂျစ်တယ် တတ်မြောက်မှုနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးများကို မြှင့်တင်ပေးသည့် သင်တန်း၊ ဆွေးနွေးပွဲ စသည့် အစီအစဉ်များကို အကောင်အထည်ဖော် ဆောင် ရွက်သင့်သည်။
E-commerce ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် e-commerce startup (e-commerce လုပ်ငန်းများ စတင်တည်ထောင်သူ) များကို ပံ့ပိုးပေးနိုင်သည့် ဖက်စပ်အရင်းအနှီးရန်ပုံငွေများနှင့် အခြားရန်ပုံငွေရင်းမြစ်များ တည်ထောင်ခြင်းကို အားပေးဆောင်ရွက် သင့်သည်။
နယ်စပ်ဖြတ်ကျော် E-commerce( Cross- border E-commerce) လုပ်ငန်းများကို လွယ်ကူချောမွေ့စေရန် အကောက်ခွန် လုပ်ထုံး လုပ်နည်းများကို ရိုးရှင်းစေပြီး၊ ကုန်သွယ်မှုစည်းမျဉ်းများကို ချောမွေ့ စေသည့် အစီအမံများကို ရေးဆွဲသင့်ပြီး E-commerce မူဝါဒများ သဟဇာတဖြစ်မှုကို မြှင့်တင်ပေးသည့် ကိစ္စများတွင် နိုင်ငံတကာ၊ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် E-commerce လုပ်ငန်းများ လွယ်ကူချောမွေ့မှုတွင် ထောက်ပံ့ပို့ဆောင်ရေး (Logistics) ကဏ္ဍတိုးတက်မှုသည် အဓိကအရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့်အတွက် ထောက်ပံ့ပို့ဆောင်ရေး (Logistics) ကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေမည့် မူဝါဒများ၊ လမ်းညွှန်ချက်များ ချမှတ်၍ တွန်းအားပေး ဆောင်ရွက်သင့်သည်။ စီးပွားရေးလုပ်ငန်းများနှင့် သုံးစွဲသူများအား အွန်လိုင်းခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ဆိုက်ဘာ လုံခြုံရေးအစီ အမံများကို မြှင့်တင်ဆောင်ရွက်သင့်သည်။ လုပ်ငန်းစံနှုန်းများနှင့် အကောင်းဆုံးအလေ့အကျင့်များ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လိုအပ်ချက်များနှင့် စိန်ခေါ်မှုများကို နားလည်ရန် E-commerce တွင် ပါဝင်ဆက် စပ်သူများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပေးခြင်းများကို ဆောင်ရွက်သင့် ပြီး E-commerce နှင့် ဒစ်ဂျစ်တယ် နည်းပညာနယ်ပယ်တွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီခြင်းဖြင့် ဆန်းသစ်တီထွင်မှုများကို အားပေးသင့်သည်။
အချုပ်အားဖြင့်ဆိုရသော် E-commerce သည် ဈေးကွက် ရောက်ရှိမှုနှင့် ကုန်ကျစရိတ်ပိုမို ထိရောက်မှုမှသည် စားသုံးသူများ အဆင်ပြေမှုအထိ အကျိုးကျေးဇူးများစွာကို ပေးဆောင်သည်။ ဤ အကျိုးခံစားခွင့်များသည် ဒစ်ဂျစ်တယ်ခေတ်တွင် စီးပွားရေး တိုးတက်မှုအတွက် အထောက်အကူဖြစ်စေသည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးနိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ပါသည်။
Mar Tin Phyoe( ZNT)