Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 03/04/2024 - 10:41 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၆ ရက်Global Petrol Prices Website တွင် ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံ ပေါင်း  ၁၂၁ နိုင်ငံအနက် Curacao  နိုင်ငံသည် ယခုတစ်ပတ်တွင် ၅ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဆလိုဗေးနီးယားနိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ အက်စ်တိုးနီးယား နိုင်ငံတွင် ၂ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့ သည့် နိုင်ငံပေါင်း ၂၉ နိုင်ငံရှိကြောင်း တွေ့ရသည်။
Global Petrol Prices Website  ၏ ယခုတစ်ပတ်အတွက် ဖေဖော်ဝါရီ၂၆ ရက် ဖော်ပြချက်၌ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ အာဂျင်တီးနား၊ ဘူလ်တန်၊ ဘရာဇီး၊ ဖင်လန်၊ ပြင်သစ်၊ ဂျော်ဒန်၊ ကင်ညာနှင့် တောင်အာဖရိက စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၀ တွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည် ငြိမ်နေကြောင်း တွေ့ရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်၊ ကနေဒါ၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ ဆွီဒင်၊ နိုင်ဂျီးရီးယား၊ မက်ဆီဒိုးနီးယား၊ လူဇင်ဘတ်၊ နော်ဝေနှင့် ဘယ်လ်ဂျီယံ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံသာရှိပြီး ယခင်တစ် ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရသည်။
အာဆီယံနိုင်ငံများ၏ ဖေဖော်ဝါရီ ၂၆ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေ ဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ တွင် သုည ဒသမ ၃၀ ရာခိုင်နှုန်းဖြင့်  ဈေးနှုန်းမြင့်တက်ခဲ့ပြီး စင်ကာပူ နိုင်ငံတွင် သုည ဒသမ ၅၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် ၁ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့်  ဈေးနှုန်းကျဆင်းခဲ့ကာ ကျန်အာဆီယံ  နိုင်ငံများတွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ရှိရ သည်။
ဒီဇယ်ဆီဈေးနှုန်းသည် ဖေဖော်ဝါရီ ၂၆ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၁ နိုင်ငံအနက် ဆလိုဗက်ကီးယားနိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဥဇဘက်ကစ္စတန် နိုင်ငံတွင် ၂ ဒသမ ၆၀ ရာခိုင်နှုန်း၊ ချက်နိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် ခရိုအေးရှားနိုင်ငံတွင် ၂ ဒသမ ၂၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း  ၂၁ နိုင်ငံရှိကြောင်း  တွေ့ရသည်။
Global Petrol Prices Website  ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ ဟောင် ကောင်၊ ထိုင်ဝမ်၊ အိုက်စလန်၊ ဂျော်ဒန်၊ ကင်ညာ၊ မက္ကဆီကို၊ ပီရူးနှင့် တောင်အာဖရိက စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၇၃ နိုင်ငံ တွင် ယခင်တစ်ပတ် ဈေးနှုန်းများအတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရသည်။ 
ဒီဇယ်ဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်၊ ဂျပန်၊ အန်ဒိုရာ၊ လက်ဘနွန်၊ ဂရိ၊ ဟန်ဂေရီ၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ နော်ဝေ၊ ဆွီဒင်၊ ကနေဒါ၊ ဒိန်းမတ်နှင့် နိုင်ဂျီးရီးယား အပါအဝင် နိုင်ငံပေါင်း  ၂၇ နိုင်ငံသာရှိပြီး ယခင်တစ် ပတ် ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရပါသည်။
အာဆီယံနိုင်ငံများ၏   ဖေဖော်ဝါရီ ၂၆ ရက်Global Petrol Prices Website  တွင် ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ဖိလစ်ပိုင်နိုင်ငံတွင် ၁ ဒသမ ၆၀ ရာခိုင်နှုန်းနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ၁ ဒသမ ၃၀ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် ၂ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကာ ကျန်အာဆီယံနိုင်ငံများ တွင် ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာတွေ့ ရှိရသည်။ ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ဖေဖော်ဝါရီ ၂၈ ရက်တွင် အောက်တိန်း-၉၂ တစ် လီတာလျှင် ကျပ် ၂၇၇၀ ၊ အောက်တိန်း-၉၅ တစ်လီတာလျှင် ၂၈၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ် လီတာလျှင် ကျပ်  ၂၆၁၀ အသီးသီး ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၃၃၄၆ ကျပ်၊ ဒီဇယ် တစ် လီတာလျှင် ၃၀၄၄ ကျပ်၊ ကျိုင်းတုံမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင်  ကျပ် ၃၂၅၀၊  ဒီဇယ် တစ်လီတာလျှင် ကျပ် ၃၅၄၀ ဖြင့် အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၂၈၈၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၅၆၅ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၂၈၉၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၇၀ ကျပ်ဖြင့် အနည်းဆုံး ဖြစ်ပေါ်နေကြောင်း တွေ့ရသည်။ 
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ ပြည်တွင်းစက်သုံးဆီဈေး နှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဒီဇယ် တစ်လီတာလျှင် ၃၀ ကျပ်  ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာ သုံးသပ်တင်ပြအပ်ပါသည်။