Main menu

Background

ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားရှိသော ဆေးဖက်ဝင် မိချောင်းကွမ်းဖတ်

Mon, 04/01/2024 - 11:34 -- journal_editor

ပြည်တွင်း၊ ပြည်ပဝယ်လိုအားရှိသော မိချောင်းကွမ်းဖတ် မှာ တစ်နှစ်ခံပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍  မြန်မာနိုင်ငံအနှံ့ အပူပိုင်းဒေသများနှင့်    ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း သဘာဝအလျောက်  ပေါက်ရောက်လျက်ရှိပြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ်  ငပုတောမြို့နယ်အောက်ဘက်ရှိ ဟိုင်းကြီးကျွန်း နှင့်ပတ်ဝန်းကျင်ကျေးရွာများ၊ သာပေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ငရုတ်ကောင်းမြို့နယ်ခွဲဝန်းကျင်ကျေးရွာများ  ပန်းတနော်၊ ကျောင်းကုန်းမြို့နယ်များရှိ ရေနက်ကွင်းများတွင် အလေ့ကျ ပေါက်ရောက် လျက်ရှိသလို အချို့မြို့နယ်များတွင် ယခင်က စီးပွားဖြစ်  စိုက်ပျိုးရောင်းချသူများလည်းရှိသည်။ 
သဘာဝမှလက်ဆောင် ပေးထားသည့် ဈေးကွက်ဝင် မိချောင်းကွမ်းဖတ်မှာ ရာသီပေါ်သီးနှံတစ်ခုဖြစ်၍ မိချောင်း ကွမ်းဖတ်  ထွက်ရှိချိန် ခူးဆွတ်၍  မြို့ပေါ်ရှိ အဝယ်ဒိုင်များသို့ ရောင်းချကြသည်။ မတ်လမှ မေလအထိသာ အရောင်းအဝယ် ဖြစ်ပြီး မိုးမကျမီအတွင်းသာ အရောင်းအဝယ်ရှိ၍ မိုးရွာလျှင် မိချောင်းကွမ်းဖတ် ရာသီပြီးဆုံးသွားကြောင်း ဈေးကွက်အတွင်း မှ စုံစမ်းသိရသည်၊ 
ယခင်နှစ်က မိချောင်းကွမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၅၀ဝ ဈေးအတွင်းသာ အရောင်းအဝယ်ဖြစ်ပြီး ယခု နှစ် မတ်လအဖွင့်ဈေးမှာ  တစ်ပိဿာလျှင် ကျပ် ၄၁၀ဝ ဈေးနှုန်းဖြင့် ဝယ်ယူလျက်ရှိသည့်အတွက် ယခင်နှစ်ထက် ဈေး နှုန်းပိုမိုရရှိသည်။ မိချောင်းကွမ်းဖတ်အစေ့မှာ အနီရောင်ဖြစ်၍  ဘိန်းစေ့ခန့်သာရှိပြီး မြန်မာ့ဆေးကျမ်းများ အဆိုအရ ဆိမ့်၍ အနည်းငယ်ခါးသော အရသာရှိပြီး ပူ၏၊ အားကိုဖြစ်စေ၏၊ ဝမ်းမီးတောက်စေပြီး အရေပြားပေါ်၌ ဖြစ်တတ်သောရောဂါ များ အနာအို အနာဟောင်းများ၊ မျက်စိနာ၊ လေနာ၊ ပွေးညှင်း၊ တင်းတိပ်နာတို့အတွက် ဖော်စပ်ရာတွင် အသုံးပြုကြောင်းနှင့်  ပြည်ပဈေးကွက်တွင် တရုတ်နိုင်ငံသို့ တင်ပို့သည်။ 
မိချောင်းကွမ်းဖတ်တွင် သာနေါ-၃ ဓာတ်များ ပါဝင်သည့် အတွက် အလှကုန်လုပ်ငန်းနှင့် ဆေးဖော်စပ်ရာတွင် အသုံး ပြုပြီး ပုသိမ်ဈေးကွက်မှ မိချောင်းကွမ်းဖတ်များကို ရန်ကုန်မြို့ သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်၊ 

မင်းမင်းဦး (ပသ)