မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ် ကုန်များကို အများဆုံးတင်ပို့ပြီး မွေးမြူရေးလုပ်ငန်းများကို လည်း တွဲဖက်လုပ်ကိုင်နေသည်။ မြန်မာနိုင်ငံသည် မြစ် ချောင်း၊ အင်းအိုင်ပေါများသော နိုင်ငံဖြစ်သည့်အတွက် ငါး လုပ်ငန်းကဏ္ဍသည် နိုင်ငံ၏ အရေးပါသော စီးပွားရေးကဏ္ဍအဖြစ် ပါဝင်နေသည်။
ငါးမွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံ၏ စီးပွားရေး ကို အဓိကအားဖြင့် အထောက်အကူပြုလျက်ရှိသော အခန်း ကဏ္ဍတစ်ရပ်ဖြစ်ပြီး ငါးလုပ်ငန်းကဏ္ဍမှ မြန်မာနိုင်ငံ GDP ၏ နှစ်ရာခိုင်နှုန်းကို အထောက်အကူပြုလျက်ရှိသည်။ ငါး လုပ်ငန်း အခန်းကဏ္ဍသည် အသားဓာတ်စားသုံးမှု၏ ၅၀ ရာခိုင်နှုန်းနှင့် အလုပ်အကိုင် ပံ့ပိုးနိုင်မှု ၆ရာခိုင်နှုန်းအထိရှိပြီး အချို့ကမ်းရိုးတန်းဒေသများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘဏ္ဍာငွေရရှိမှု၏ ၃၄ ရာခိုင်နှုန်းမှ ၅၆ ရာခိုင်နှုန်းအထိ အထောက်အကူပြုကြောင်း သိရှိရသည်။
ကမ်းရိုးတန်းဒေသများဖြစ်သော မော်လမြိုင်၊ ရေး၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်း စသည့်ဒေသများတွင် ငါးဖမ်းလုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်ကြပြီး ပင်လယ် ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း လုပ်ငန်းများလည်း လုပ်ကိုင်ကြရ သည်။ ဖမ်းယူရရှိသော ငါးများကို ရင်ခွဲအခြောက်လှန်းပြီး ငါးခြောက်အမျိုးမျိုးအဖြစ် မြန်မာတစ်နိုင်ငံလုံးသို့ တင်ပို့ ရောင်းချကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ငါးကို လူမျိုးဘာသာမရွေး နှစ်ခြိုက်စွာ စားသုံးကြပြီး ငါးကြင်း၊ ငါးမြင်း၊ တီလားဗီးယား၊ ငါးမြစ်ချင်း တို့ကို အဓိကစားသုံးကြသည်။ မွေးမြူရေးငါးများသည်လည်း ပြည်တွင်းဈေးကွက်တွင် ဈေးကွက်အခိုင်အမာ ရရှိထား သည်။ FAO (Food and Agriculture Organization)) ၏အဆိုအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးငါးမွေးမြူ ထုတ် လုပ်သည့်နိုင်ငံများတွင် အဆင့်(၈)နေရာ၌ ရပ်တည်လျက်ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်းရှိ ငါးသယံဇာတများ အဓွန့်ရှည် တည်တံ့စေရေးအတွက် အားလုံး အတူတကွ ဝိုင်းဝန်းထိန်း သိမ်းစောင့်ရှောက်ရမည်။ ငါးမျိုးမတုန်းစေရေးအတွက် ဒီရေတောနှင့် သန္တာကျောက်တန်းတို့အား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည်ပင်ဖြစ်သည်။
ငါးလုပ်ငန်းကဏ္ဍသာ ဖွံ့ဖြိုးတိုးတက်လာပါက ရေထွက် ပစ္စည်းများ ပြည်ပသို့ ပိုမိုတင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေ တိုး တက်ရရှိလာပြီး နိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအတွက် အထောက်အကူပြုမည့် ကဏ္ဍတစ်ရပ်ဖြစ်လာမည် ဖြစ်သည်။
နေမျိုးဝင်း (တောင်ငူ)