Main menu

Background

စက်မှုဒီဇိုင်း မှတ်ပုံတင်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ

Tue, 08/06/2024 - 14:52 -- journal_editor

ယှဉ်ပြိုင်မှုများ မြင့်မားနေသည့် ယနေ့ခေတ်တွင် တီထွင်ဖန်တီး မှုများကို အပြိုင်အဆိုင် ပြုလုပ်လာကြသည်။ ထိုကဲ့သို့ တီထွင်ဖန်တီးမှု များပြုလုပ်ရာတွင် မိမိ၏ ထုတ်ကုန်ပစ္စည်းများကို သုံးစွဲသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိပြီး ဈေးကွက်ကို ထိုးဖောက်နိုင်ရန်အတွက် ခေတ်မီဆန်းသစ်သော ဒီဇိုင်းများ တီထွင်ဖန်တီးခြင်းကလည်း အရေး ပါသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်လာသည်ကို တွေ့ရှိရ သည်။ ဒီဇိုင်းဖန်တီးသူများအနေဖြင့်လည်း ဆန်းသစ်သော ဒီဇိုင်း များ ပြုလုပ်ကြသည့်အတွက် ဈေးကွက်တွင် ထုတ်ကုန်ပစ္စည်းများကို ရောင်းအား မြှင့်တင်ပေးနိုင်ရုံသာမက ဈေးကွက်ယှဉ်ပြိုင်နိုင်မှုကို လည်း ဖြစ်ပေါ်စေနိုင်သည်။
ယနေ့ခေတ်တွင် ဆန်းသစ်လှပသော ဒီဇိုင်းများပါဝင်သည့် လူ့အသုံးအဆောင်ပစ္စည်းများကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်း ချသည့်အခါ  သုံးစွဲသူကြိုက်နှစ်သက်သည့် ထုတ်ကုန်ပစ္စည်း ဒီဇိုင်း များကို စီးပွားပြိုင်ဘက်များမှတုပ၍ ရောင်းချလာသည်ကို တွေ့ရှိရ သည်။  မိမိတို့ပတ်ဝန်းကျင်တွင် မြင်တွေ့နိုင်သည့် အိမ်သုံးပစ္စည်း များ၊ အလှဆင်ပစ္စည်းများဖြစ်သည့် လက်ဝတ်ရတနာများ၊ လက်ကိုင် အိတ်များနှင့် ဇိမ်ခံပစ္စည်းများဖြစ်သည့် ဖုန်း၊ ကင်မရာ၊ i-pad ၊ မော် တော်ကား စသည့်ဒီဇိုင်းများကို မူပိုင်ခွင့်ချိုးဖောက်မှုများမှ ဟန့်တား နိုင်ရန်အတွက်   ဒီဇိုင်းမူပိုင်ခွင့်ဖြင့် အကာအကွယ် ရယူထားရန် လိုအပ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ဖန်တီးသူများ၏အခွင့် အရေးနှင့် အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရေး၊ ဒီဇိုင်းနည်း ပညာများ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်ရေးတို့အတွက် စက်မှုဒီဇိုင်းမူပိုင်ခွင့်  ဥပဒေ ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင်လည်း စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၃ ခုနှစ်၊ အောက်တို ဘာလ ၃၁ ရက်နေ့တွင် ဥပဒေအာဏာ  သက်ဝင်ခဲ့ပြီးဖြစ်သည်။ စက်မှုဒီဇိုင်းမှတ်ပုံတင်  လျှောက်ထားခြင်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊  မူပိုင်ခွင့်ဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ လျှောက်ထားနိုင်ပြီဖြစ် သည်။ 
ဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်လျှောက်ထားရာတွင် ဝန်ကြီးဌာနက  သတ်မှတ် ထုတ်ပြန်ထားသည့် စက်မှုဒီဇိုင်းမှတ်ပုံတင်လျှောက်ထား ခြင်း လျှောက်လွှာပုံစံ ID-1)) ကို အသုံးပြု၍ လျှောက်လွှာတွင် ပါဝင် သည့် အချက်အလက်များကို ပြည့်စုံစွာ ဖြည့်စွက်လျှောက်ထားရမည် ဖြစ်သည်။ လျှောက်ထားသည့်အခါ လျှောက်ထားသူကိုယ်တိုင်သော် လည်းကောင်း၊   ကိုယ်စားလှယ်ခန့်အပ်၍သော်   လည်းကောင်း လျှောက်ထားနိုင်သည်။ ကိုယ်စားလှယ်ဖြင့် လျှောက် ထားမည်ဆိုပါက ကိုယ်စားလှယ် ခန့်အပ်လွှာ ID-2 form ကို ပူးတွဲတင်ပြရမည်ဖြစ် သည်။ လျှောက်လွှာဖြည့်သွင်းရာတွင် လျှောက်ထားသူနှင့် ပတ် သက်သည့် အချက်အလက်များ၊ လျှောက်ထားလိုသည့် စက်မှုဒီဇိုင်း ၏ ရှင်းလင်းပြည့်စုံသည့် ဖော်ပြချက်များ၊ စက်မှုဒီဇိုင်း၏ အမျိုးအစား နှင့် အမျိုးအစားခွဲနံပါတ်များ၊ အသုံးပြုမည့် ဒီဇိုင်း၏ ထုတ်ကုန် အမည်များကို ပြည့်စုံစွာဖြည့်စွက်ပြီး သတ်မှတ်အခကြေးငွေများကို လည်း ပေးသွင်းဆောင်ရွက်ရမည်ဖြစ်သည်။ အခကြေးငွေပေးသွင်း ရာတွင်လည်း ဒီဇိုင်းအရေအတွက်ပေါ် မူတည်၍ ပေးသွင်းရမည်။
စက်မှုဒီဇိုင်း  လျှောက်လွှာပုံစံများကို မူပိုင်ခွင့်ဦးစီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www. ipd.gov.mm တွင် ရယူနိုင်သည်။ စက်မှု ဒီဇိုင်းများကို မှတ်ပုံတင်လျှောက်ထားရာတွင် လျှောက်လွှာများကို မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် လျှောက်ထားနိုင်ပြီး လျှောက်လွှာလက်ခံ ကောင်တာများသို့ လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်သည့်အပြင် အီလက်ထရောနစ်စနစ် (WIPOFile)  ဖြင့်လည်း လျှောက်ထားနိုင်သည်။ လူကိုယ်တိုင် လာရောက်လျှောက် ထားမည်ဆိုပါ က ရုံးအမှတ် ၅၂ (နေပြည်တော်)၊ အောက်မြန်မာပြည် ရုံးခွဲ (ရန်ကုန်) နှင့် အထက်မြန်မာပြည်ရုံးခွဲ (မန္တလေး) တို့တွင် လာ ရောက် လျှောက်ထားနိုင်သည်။ အီလက်ထရောနစ်စနစ် WIPOFile) ) ဖြင့် လျှောက်ထားမည်ဆိုပါကWIPO FILE User Account  ရှိသည့် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သာလျှင် လျှောက် ထားနိုင်မည်ဖြစ်သည်။
လျှောက်ထားသူများသည် ကိုယ်စားလှယ်ဖြင့် လျှောက်ထား မည်ဆိုပါက မူပိုင်ခွင့်ဦးစီးဌာနက ဖွင့်လှစ်သည့် စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းကို တက်ရောက်အောင်မြင်  ပြီးသူဖြစ်ရန် လိုအပ်သည်။ ထို့အပြင် မူပိုင်ခွင့်ဦးစီးဌာနက စက်မှု ဒီဇိုင်း မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပေးလျက်ရှိရာ စက်မှုဒီဇိုင်းမှတ်ပုံတင်ခြင်းကို ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်လိုသူများအနေဖြင့် အဆိုပါသင်တန်းကို တက် ရောက်နိုင်ပြီး တက်ရောက်အောင်မြင်ပြီးပါက  စက်မှုဒီဇိုင်းမှတ်ပုံတင် ခြင်းကို ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်သည်။     
မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် စက်မှုဒီဇိုင်းမှတ်ပုံတင် လျှောက် ထားချက်များကို လက်ခံစစ်ဆေးပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသော လျှောက်ထားချက်များကို  ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။ အဆိုပါ   ထုတ်ပြန်ကြေညာချက်တွင် အခြားသူများမှ ကန့်ကွက်မှု တစ်စုံတစ်ရာ မရှိပါက စက်မှုဒီဇိုင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေး သွားမည်ဖြစ်သည့်အတွက်  ဒီဇိုင်းဖန်တီးသူများ၊  ဒီဇိုင်းပိုင်ရှင်များ အနေဖြင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးပါက  မိမိတို့၏ ဒီဇိုင်းများကို အခြားသူများမှ တုပခြင်း၊ ဆင်တူယိုးမှားပြုလုပ်ခြင်း အန္တရာယ်များကို ဟန့်တားနိုင်မည့်အပြင် ချိုးဖောက်သူများကိုလည်း  ထိရောက်စွာ အရေးယူနိုင်မည်ဖြစ်သည်။ ထို့အပြင် မိမိတို့၏ဒီဇိုင်းများကို စီးပွား ရေးဈေးကွက်အတွင်း  ယုံကြည်စိတ်ချမှုရှိစွာဖြင့် ရောင်းချနိုင်မည် ဖြစ်သည်။
 စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေအရ စက်မှုဒီဇိုင်း၏ မူပိုင်ခွင့်သက် တမ်းမှာ  မှတ်ပုံတင်လျှောက်ထားချက်  တင်သွင်းသည့်နေ့မှစ၍ ကနဦး ငါးနှစ်သက်တမ်းရရှိမည်ဖြစ်သည်။ မှတ်ပုံတင်သက်တမ်းကို  တစ်ကြိမ်လျှင် ငါးနှစ်စီဖြင့် နှစ်ကြိမ်အထိ သက်တမ်းတိုးနိုင်ပြီး စုစု ပေါင်း သက်တမ်း ၁၅  နှစ်ရရှိမည်ဖြစ်သည်။  ဒီဇိုင်းသက်တမ်းကို ငါးနှစ် နှစ်ကြိမ် သက်တမ်းတိုးနိုင်သည့်အတွက် ဒီဇိုင်းလျှောက်ထား သူများအနေဖြင့်  မိမိတို့၏  ဒီဇိုင်းများကို  လူကြိုက်များ ရောင်းချမှု အပေါ်မူတည်၍  သက်တမ်းတိုးနိုင်မည်ဖြစ်ပြီး   စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။
မိမိ၏ ထုတ်ကုန်ဒီဇိုင်းများကို  စက်မှုဒီဇိုင်းမူပိုင်ခွင့် အကာ အကွယ်ရယူထားခြင်းဖြင့် ဒီဇိုင်းဖန်တီးသူများ၏ ဖန်တီးမှုလက်ရာ များကို အခြားသူများ ခိုးယူတုပခြင်းတို့မှ အကာအကွယ်ပေးနိုင်ခြင်း၊ လှပဆန်းသစ်သော ဒီဇိုင်းသစ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာနိုင် စေခြင်း၊  ဒီဇိုင်းဖန်တီးလိုစိတ်များ မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် စီးပွားရေးနယ်ပယ်များတွင်လည်း မျှတသော ယှဉ်ပြိုင်ရောင်းဝယ်မှု များကိုလည်း ဖြစ်ပေါ်စေခြင်း  စသည့်အကျိုးကျေးဇူးများ ရရှိနိုင် သည်။ ထို့ကြောင့် ဒီဇိုင်ဖန်တီး သူများ၊  ဒီဇိုင်းပိုင်ရှင်များအနေဖြင့် မိမိတို့၏ စက်မှု သို့မဟုတ် လက်မှုဒီဇိုင်းများကို  မူပိုင်ခွင့် အကာ အကွယ်ယူထားသင့်ပါကြောင်းနှင့် မူပိုင်ခွင့်ဦးစီးဌာနမှ စက်မှုဒီဇိုင်း မှတ်ပုံတင်   လျှောက်ထားချက်များကို  ခွင့်ပြုပေးနိုင်ရေးအတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။ စက်မှုဒီဇိုင်း မူပိုင်ခွင့်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ ကြေညာချက် များ၊ အမိန့် ကြော်ငြာစာများ၊ လျှောက်လွှာပုံစံများ၊ အခကြေးငွေများ၊ လျှောက်ထားသူများအတွက် လမ်းညွှန်ချက်များကို မူပိုင်ခွင့်ဦးစီးဌာန ၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www.ipd.gov.mm  တွင် အချိန်နှင့် တစ် ပြေးညီ  လွှင့်တင်လျက်ရှိရာ   စိတ်ပါဝင်စားသူများ၊  မူပိုင်ခွင့်ရယူ လျှောက်ထားလိုသူများအနေဖြင့် ဝင်ရောက်လေ့လာနိုင်သည်။ 

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ
  မူပိုင်ခွင့်ဦးစီးဌာန