Main menu

Background

စွန့်ပစ်ပစ္စည်းများမှ ထုတ်လုပ်သော ထင်းအစားထိုး အဝိုင်းပေါက် မီးသွေး

Mon, 09/02/2024 - 11:35 -- journal_editor

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိကာ အခြေခံအား ဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော နိုင်ငံတစ်ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ၏ ၇၀ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် လယ်ယာကိုင်းကျွန်းလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြသည်။ မူလ အရင်းခံစွမ်းအင်ဖြစ်သည့် ၆၄ရာခိုင်နှုန်းကို လောင်စာ ထင်း၊ ထင်း မီးသွေးနှင့် ဇီဝဒြပ်ထုများမှ ရရှိသုံးစွဲကြသည်။ 
မြန်မာနိုင်ငံတွင်  ထင်းသည် အိမ်သုံးလောင်စာဖြစ်သည်။ ကျေးလက်ဒေသများတွင် ထင်းနှင့် ပူးတွဲ၍ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သော စပါးခွံ၊ ကြံကြိတ်ဖတ်များ၊ ထန်းလက်၊ ထန်းရွက် များ၊ သစ်ကိုင်းအစအနများကို အသုံးပြုကြသည်။ လောင်စာ ထင်း သုံးစွဲခြင်းသည် လူဦးရေတိုးတက်နှုန်းနှင့် တိုက်ရိုက်အချိုးကျ တိုး တက်လျက်ရှိကြောင်း ပညာရှင်များက လေ့လာ သုံးသပ်ထားသည်။ လောင်စာထင်းရရှိနိုင်သော အရင်းအမြစ်များမှာ သဘာဝ သစ်တော များ၊ သစ်တော စိုက်ခင်းများ၊ အိမ်ခြံမြေ စိုက်ခင်းများ၊ စုပေါင်း ကျေးရွာသုံး ထင်းစိုက်ခင်းများနှင့် ကိုင်းဖျားကိုင်းနားတို့ ဖြစ်ကြသည်။ လူဦးရေတိုးတက်လာသည်နှင့်အမျှ လောင်စာစွမ်းအင်သုံးစွဲမှု ပိုမို လာသဖြင့် သစ်တောများ နှစ်စဉ်ပြုန်းတီးလာလျက်ရှိကြောင်း လေ့ လာသိရှိရသည်။
သစ်တောပြုန်းတီးမှု၏ အကျိုးဆက်မှာ မိုးခေါင်ရေရှားမှုနှင့် သဲကန္တာရဖြစ်ထွန်းမှုကို ပြင်းထန်စွာ တွေ့ကြုံခံစားနိုင်ကြောင်း ပညာ ရှင်များက လေ့လာသုံးသပ် အဖြေထုတ်ထားသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသသည် သဲကန္တာရဖြစ်ထွန်းရန် အလား အလာရှိသော ဒေသများတွင် ပါဝင်သဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဲကန္တာရ ဖြစ်ထွန်းမှု နှင့် မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးအတွက် ဦးဆောင်ကြီးကြပ်သည့် ဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအလယ်ပိုင်း   စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းဇုန်အတွင်း ကျရောက်သော မြို့နယ်များသည် မိုးရေချိန်လက်မ ၄၀ အောက်ရရှိ ပြီး အပူချိန် ၄၈ ဒသမ ၂ဒီဂရီဆဲလ်စီးယပ်အထိ မြင့်မားပြီး ခြောက် သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလထိတိုင် ကြာရှည်သည်။ မြေတိုက်စားမှုများကာ အပေါ်ယံ မြေဆီလွှာ ကုန်ခန်းပြီး အပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှသည်။ သစ်ပင်သစ်တောများ နည်း ပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီး ပြီး သဲကန္တာရဖြစ်ထွန်းနိုင်သည့် အခြေအနေများကို တွေ့မြင်နိုင် သည်။
သဲကန္တာရ  ဖြစ်ထွန်းမှုနှင့်   မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေး  အတွက် နိုင်ငံတော်မှ သစ်တောစိုက်ခင်းများ တိုးချဲ့တည်ထောင်ခြင်း၊ သဘာဝတောကျန်များ   ထိန်းသိမ်းကာကွယ်ခြင်းနှင့် ထင်းအစား အခြား လောင်စာတိုးမြှင့်သုံးစွဲရန် အသိပညာပေး ဆောင်ရွက်လျက် ရှိသည်။
နေအိမ်များတွင် နေ့စဉ်ချက်ပြုတ်မှုနှင့် စားသောက်ဆိုင်များ တွင် ထင်းများ၊ မီးသွေးများအစား ကုန်ကျစရိတ်  သက်သာစေပြီး၊ လောင်စာစွမ်းအင် ပိုမိုထိရောက်စေကာ သစ်တောပြုန်းတီးမှုကို တစ် ဖက်တစ်လမ်းမှ လျှော့ချစေနိုင်သော အဝိုင်းပေါက် မီးသွေးခြောက် တစ်ပိုင်တစ်နိုင် ထုတ်လုပ်နေသည်။
ပြည်တွင်းထုတ် မီးသွေးမှုန်နှင့် ရွှံ့စေးရည် ဖျော်စက်တစ်လုံး၏ တန်ဖိုးသည် ယခုပေါက်ဈေး ကျပ် ၃၅သိန်း တန်ဖိုးရှိပြီး ၁၅နှစ်ကြာ အသုံးပြုနိုင်သည်။  ကုန်ကြမ်းများအဖြစ် မီးသွေးအကြေ၊ စပါးခွံ ဖွဲပြာ နှင့် ရွှံ့စေးရည်တို့ကို ၇၅ ါ် ၅ါ် ၂၀ အချိုး ရောစပ်သည်။ ကုန်ကြမ်းမီးသွေး အကြေများကို စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများမှ တစ်တင်းခွဲဝင် တစ်အိတ်လျှင် ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ ကျပ်ပေးရပြီး၊ စပါးခွံကို လောင်စာအဖြစ် သုံးစွဲသည့် ဆန်စက်များမှ စွန့်ပစ်စပါးခွံဖွဲပြာကို ဈေးနှုန်းချိုသာစွာဖြင့် ရရှိကြောင်း၊  ရွှံ့စေးများကို ထော်လာဂျီတစ်စီး လျှင် ကျပ် ၃၅၀ဝ၀  ဖြင့် ဝယ်ယူရကြောင်း သိရသည်။ 
အဝိုင်းပေါက်မီးသွေး ပြုလုပ်ပုံအဆင့်ဆင့်
အဝိုင်းပေါက်မီးသွေး ပြုလုပ်ရာတွင် ပထမဦးစွာ အချိုးကျ ရောစပ်ထားသော မီးသွေးအကြေနှင့် စပါးခွံဖွဲပြာတို့ကို အမှုန့် ကြိတ် စက်ဖြင့် အမှုန့်ကြိတ်သည်။  ၎င်းအမှုန့်များကို အရည်ဖျော်ထား သော ရွှံ့စေးရည်ဖြင့် ဖျော်စက်ထဲသို့ထည့်ကာ စေးခဲသည့် အထိ ထည့်၍ မွှေပြီး စေးတွဲပါက မြေကြီးပေါ်သို့ ပုံချကာ အဝိုင်းပေါက်ပါ သော  အချင်း ၅လက်မ ပုံစံခွက်ကလေးဖြင့် လူ၏လုပ်အား လက်ဖြင့် ပြုလုပ်၍ နေလှန်းစင်တွင် နှစ်ရက်ခန့် နေပူလှန်းပြီးလျှင် ရောင်း ရန်အသင့်ဖြစ်သော ကုန်ချောအဝိုင်းပေါက် မီးသွေးခဲကလေးများ ရရှိသည်။ 
ဈေးကွက်/ဈေးနှုန်း
စက်မှုဇုန်ရှိ အဝိုင်းပေါက်မီးသွေး ထုတ်လုပ်သည့်လုပ်ငန်းသည် တစ်ရက်လျှင် ကုန်ကြမ်း မီးသွေးအကြေ တစ်တင်းခွဲဝင် အိတ် ၈၀ ခန့် အသုံးပြု၍ ကုန်ချောအဝိုင်းပေါက် မီးသွေးခဲ ၄၀ ပါ အိတ် ၁၀ဝ ထုတ်လုပ်နိုင်ပြီး တစ်လလျှင် ကုန်ချောအိတ်ပေါင်း  ၃၀ဝ၀ ခန့် ထုတ် လုပ်နိုင်သည်။ လုပ်သား ၁၀ ဦးခန့်ကို ပုတ်ပြတ်စနစ်ဖြင့် ငှားရမ်း ထားရာ တစ်ဦးတစ်လလျှင် ပျမ်းမျှ ကျပ်နှစ်သိန်းခွဲမှ သုံးသိန်းထိ လုပ်ခလစာ ရရှိသည်။ ရောင်းဈေးနှုန်းမှာ အဝိုင်းပေါက် မီးသွေးခဲ ၄၀ ပါ တစ်အိတ်လျှင် ကျပ် ၄၈၀ဝ မှ ၅၀ဝ၀ ကျပ် ဈေးနှုန်းဖြင့် စစ်ကိုင်းမြို့နယ်တွင်းနှင့် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးမြို့၊  တံတားဦး၊ အမရပူရ၊ မြစ်ငယ်တို့သို့  လက်လီ၊ လက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သိရသည်။
ထင်းအစားထိုး လောင်စာတောင့်အမျိုးမျိုး ထုတ်လုပ်ခြင်း သည် အသေးစားစက်မှုလက်မှု လုပ်ငန်းတစ်ခုဖြစ်ပြီး၊ ထင်းအစား အခြားလောင်စာကိုသုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေသည်။ ထင်း/မီးသွေး အစားထိုး  အခြားလောင်စာတောင့်အမျိုးမျိုးကို ကျေးလက်နှင့်   မြို့ပြနေပြည်သူများ ပိုမိုသုံးစွဲသည့် အလေ့အထ များပြားလာသည်နှင့်အမျှ လောင်စာတောင့်ထုတ်လုပ်သည့် လုပ်ငန်း များသည် ရေရှည်ဆက်လက်တည်တံ့နေမည်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

 

သန်းသန်းတင် (မုံရွာ)