Main menu

Background

ပြည်တွင်းစားသုံးဆီ ဖူလုံဖို့ ဆီထွက်သီးနှံမြေပဲ တိုးချဲ့စိုက်ပျိုးကြပါစို့

Mon, 10/07/2024 - 15:32 -- journal_editor

မြေပဲသီးနှံ
မြေပဲပင်မှ ရရှိသော မြေပဲအစေ့၊ မြေပဲဆီသန့်များသည် မြန်မာ လူမျိုးများ ကြိုက်နှစ်သက်စွာ စားသုံးသော သီးနှံများအနက် တစ်မျိုး အပါအဝင်ဖြစ်သည်။ မြေပဲသီးနှံသည် ရေမြေရာသီဥတု မတူညီသော် လည်း နေရာဒေသအမျိုးမျိုး၌ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်သော သီးနှံဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးယခင်ခေတ်များက မြေပဲသီးနှံ စိုက်ပျိုးမှုမရှိခဲ့ကြောင်း၊ ခရစ်နှစ် ၁၈၈၅ ခုနှစ်မှစ၍ မကွေးဒေသနှင့် ရှမ်းပြည်နယ်မှ စတင်ပြီးစိုက်ပျိုးကြောင်း ရှေးမှတ်တမ်းများအရ သိရ သည်။
ယခုအခါတွင်‌ မြေပဲသီးနှံကို ဒေသတွင်း  နေရာအနှံ့အပြား စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမြေအနေဖြင့် သဲနုန်းမြေနုများတွင် စိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်း၍ ရေဝပ်မြေစေးများတွင် စိုက်ပျိုး ပါက မဖြစ်ထွန်းကြောင်း သိရှိရသည်။ မြေပဲပင်သည် မိုးခေါင်ဒဏ်ခံ နိုင်သော အပင်တစ်မျိုးဖြစ်၍ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ် ဝန်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများအပြားစိုက်ပျိုးကြသည်။ စိုက်ပျိုးရာတွင် မိုးရေနှင့် မြေအောက်ခံအစိုဓာတ်ဖြင့်သာ စိုက်ပျိုးပြီး ရေသွင်းစိုက်ပျိုးပါက   အပင်ဖြစ်ထွန်းမှုကောင်းသော်လည်း မြေပဲ အတောင့်များတွင် မှိုစွဲကပ်မှုဖြစ်ပေါ်ကာ သီးနှံပျက်စီးမှုများ၍ အထွက်နည်းခြင်းကြောင့် ရေသွင်းစိုက်ပျိုးမှုနည်းကြောင်း သိရသည်။ 
စိုက်ပျိုးခြင်း
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ  ဂန့်ဂေါ၊  ထီးလင်း၊  ဆော၊  ကျောက်ထု၊ လောင်းရှည်၊ ယောနယ်ဒေသများတွင် နှစ်စဉ် ဆီထွက်သီးနှံမြေပဲကို တောင်သူအများ ဒေသစီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ မိုး၊ ဆောင်း နှစ်ရာသီစိုက်ပျိုးပြီး  မိုးသီးနှံမြေပဲကို စိုက်ပျိုးမှုများ ကြောင်း သိရှိရသည်။ ပခုက္ကူခရိုင်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံ မြေပဲ (မိုး၊ဆောင်း) စိုက်ဧက ခုနစ်သောင်းခန့် စိုက်ပျိုး ပြီး ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုး၊ ဆောင်း၊ မြေပဲ စိုက် ဧက လေးသောင်းခန့် စိုက်ပျိုးကြောင်း သိရှိရသည်။
စိုက်ပျိုးရာတွင် မြေပဲကို ပင်ထောင်၊ ပင်ပြန့် နှစ်မျိုးစိုက်ပျိုးပြီး ပင်ပြန့် မြေပဲသက်တမ်းမှာ ခြောက်လခန့်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ ကုန်းတွင်းပိုင်း ယာမြေများတွင် အများဆုံး စိုက်ပျိုးကြပြီး ပင်ထောင်မြေပဲသက်တမ်းမှာ သုံးလခွဲခန့်ရှိပြီး မြစ်ရိုး၊ ချောင်းရိုးတစ်လျှောက်ရှိ ကိုင်းကျွန်း၊ သဲနုန်းမြေနုများတွင် အများဆုံး စိုက်ပျိုးကြသည်။  မြေပဲဆီသန့်၊ မြေပဲဖတ်နှင့်ပြုလုပ်သော စား သောက်ကုန်များကိုလည်း ဒေသအနှံ့အပြားသို့ တင်ပို့ရောင်းချလျက် ရှိသည်။ မြေပဲဖတ်များကိုလည်း ဒေသတွင်းသုံးစွဲမှုအပြင် မြန်မာနိုင်ငံ အောက်ပိုင်းရှိ ငါးမွေးမြူရေးလုပ်ငန်းများသို့ တိရစ္ဆာန် အစားအစာ အဖြစ် ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် မြေပဲဆန်များကို မန္တလေး ဈေးကွက်သို့ တင်ပို့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြည်ပပို့ကုန် အဖြစ် တင်ပို့လျက်ရှိသည်။ ဒေသတွင်း စိုက်တောင်သူများအနေဖြင့် သီးနှံမျိုးစုံအနက်မှ မြေပဲသီးနှံသည် စိုက်ပျိုးရလွယ်ကူပြီး သီးနှံပေါ် ချိန်မှစ၍ကုန်ဆုံးချိန်အထိ ဒေသတွင်း စားသုံးမှုများခြင်းကြောင့် ရောင်းလိုအား၊ ဝယ်လိုအားကောင်းပြီး ဈေးကွက် ခိုင်မာမှုရှိ၍ နှစ်စဉ်မပြတ် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ 
မိုးသီးနှံ မြေပဲစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူ မြို့နယ် သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် ဒေသစီးပွားဖြစ်လုပ်ကိုင်ပြီး နှစ်စဉ် ကြက်သွန်နီသီးနှံကို အဓိကထား စီးပွားဖြစ်စိုက်ပျိုးပြီး ဆီထွက်သီးနှံ မြေပဲကိုလည်း   စိုက်ဧကမများသော်လည်း တောင်သူတစ်ဦးချင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြသည်။  ဆိပ်ဖြူမြို့သည် ဧရာဝတီမြစ်နှင့် ယောချောင်းဆုံရာဒေသဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်း အောင်မြင်လျက်ရှိပြီး  သီးနှံမျိုးစုံကို ယာမြေနှင့် ကိုင်းကျွန်းမြေများတွင် နှစ်စဉ် ရာသီအလိုက် သီးနှံအမျိုးအစားအလိုက် စိုက်ပျိုးကြသည်။ မြေပဲသီးနှံ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မြေပဲစိုက် ဧက ၅၀ဝ၀ ခန့် စိုက်ပျိုးကြောင်း၊ သုံးလပဲ ပင်ထောင်နှင့် ခြောက်လပဲ ပင်ပြန့် နှစ်မျိုးစိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှု နောက်ကျ ၍ စိုက်ပျိုးချိန်ရာသီ နောက်ကျကြောင်း၊ သုံးလပဲများကို ဇူလိုင်လ ဆန်းတွင် စတင်စိုက်ပျိုးပြီး အောက်တိုဘာလတွင် သီးနှံရိတ်သိမ်းမည် ဖြစ်ကြောင်း၊ မြေပဲမျိုးအနေဖြင့် မကွေး (၁၁၊ ၁၅)မျိုးကို စိုက်ပျိုးပြီး ပင်ကြား၊ တန်းကြား ၁၅ လက်မ အကွာအဝေးထား၍ စိုက်ပျိုးပြီး မြေပဲခင်းကြားတွင် သီးညှပ်သီးနှံအဖြစ် ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ သီးနှံများကို စိုက်ပျိုးကြောင်း သိရှိရသည်။ 
ယခုနှစ် မိုးမြေပဲစိုက်ပျိုးရာတွင် တစ်ဧကလျှင် မျိုးစေ့ နှစ်တင်း ခန့် စိုက်ပျိုးရကြောင်း၊ မြေပဲမျိုးစေ့ တစ်ပြည်လျှင် ကျပ် ၉၅၀ဝ ဈေး နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပြီး စိုက်ပျိုးရာတွင် အစေ့ချ စိုက်ပျိုးစနစ်နှင့် ဖြူးချစနစ် နှစ်မျိုးစိုက်ပျိုးကြောင်း၊ ယခုနှစ်တွင် အလုပ်သမားငှားရမ်း ပြီး အစေ့တစ်စေ့ချင်းချ မြေမြှုပ်၍ စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် အလုပ်သမား ၁၅ ဦးခန့် ငှားရမ်းရပြီး တစ်ဦးလျှင် တစ်မနက် ကျပ် ၄၀ဝ၀၊ နွားတစ်ရှဉ်း ကျပ် ၂၅၀ဝ၀ ဖြင့် ငှားရမ်းစိုက်ပျိုးရကြောင်း၊ ထယ်ချောင်းနောက် မျိုးစေ့ဖြူးချစနစ်ဖြင့် စိုက်ပျိုးလျှင် အလုပ်သမား ငှားရမ်းခ သက်သာသော်လည်း မျိုးစေ့ကုန်ကျမှုများပြီး အပင်ပေါက် မစုံလင်ဖြစ်ပြီး မြေပဲအထွက်နှုန်း  နည်းခြင်းကြောင့် ဖြူးချစနစ်ဖြင့် စိုက်ပျိုးမှုနည်းကြောင်း သိရှိရသည်။ ယခုနှစ်တွင် စိုက်ပျိုးကုန်ကျ စရိတ်မြင့်တက်၍ တစ်ဧကလျှင် သီးနှံစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် အထိ ကျပ် ၁၁ သိန်းခန့် ကုန်ကျမည်ခန့်မှန်းကြောင်း ဒေသခံ တောင် သူမှပြောသည်။ 
ယခင်နှစ် (မိုး)မြေပဲ စိုက်ပျိုးရာတွင် မြေပဲမျိုးစေ့ တစ်ပြည်လျှင် ကျပ် ၇၀ဝ၀ ဈေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ ကျပ် ခြောက်သိန်းခန့် ကုန်ကျကြောင်း၊ မြေပဲအထွက်တင်း ၃၅ မှ ၄၀ ထိ ထွက်ရှိကြောင်း၊ မြေပဲဆန် ပိဿာ ၂၀ဝ၊ မြေပဲဆီ  ပိဿာ ၈၀ ခန့် ထွက်ရှိပြီး သီးနှံပေါ်ချိန် ဒေသတွင်းဈေးကွက်တွင် မြေပဲလုံး ဆန် တစ်ပြည် ကျပ် ၇၀ဝ၀၊ မြေပဲတောင့် အခြောက်တစ်တင်း ကျပ်၂၈၀ဝ၀ ဈေးဖြင့် ရောင်းချရ၍ ကျပ်ရှစ်သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ တောင်သူတစ်ဦးလျှင် တစ်ဧကမှ ငါးဧကထိ စိုက်ပျိုးကြောင်း၊ အကျိုး အမြတ်ရရှိပုံချင်းမှာလည်း မတူညီကြောင်း၊ ယခုလက်ရှိ ဒေသတွင်း ဈေးကွက်တွင် မြေပဲလုံးဆန် တစ်ပိဿာ ကျပ် ၁၁၀ဝ၀ မြေပဲဆုံဆီ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀၊ စက်ပဲဆီ တစ်ပိဿာကျပ် ၂၂၀ဝ၀- ၂၀ဝ၀ဝ၊ မြေပဲဖတ်   တစ်ပိဿာ ကျပ် ၄၈၀ဝ-၄၅၀ဝ  ဈေးဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ထက် မြေပဲဈေးကွက် မြင့်တက်လာခြင်းဖြစ်၍ မြေပဲစိုက် တောင်သူများ အကျိုးအမြတ် များစွာ ရရှိကြောင်း၊ ဆိပ်ဖြူမြို့မှထွက်ရှိသည့် မြေပဲများကို တောင်သူ များက မြေပဲအတောင့် ရောင်းချမှုနည်းပါးပြီး မြေပဲအဆန်နှင့် မြေပဲ ဆီများကိုသာ ကြိတ်ခွဲထုတ်လုပ်ရောင်းချမှုများကြောင်း မြေပဲဆန် များကို မြို့ပေါ်ရှိ ဆီစက် လုပ်ငန်းရှင်များနှင့် မြေပဲဆားလှော်၊ မြေပဲ ကြော်၊ လုပ်ငန်းရှင်များမှ ဝယ်ယူပြီး ဒေသတွင်း စားသုံးသူများအတွက် လက်လီလက်ကား ရောင်းချဖြန့်ဖြူးသူများက ဝယ်ယူလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ   လျှပ်စစ်မီးမရရှိသေးသော တောတွင်း ကျေးရွာများတွင် စိုက်ပျိုးရရှိသော မြေပဲဆန်များကို ဆိုလာပြားအသုံး ပြု၍ ဆီကြိတ်ပြီး မြို့ပေါ်သို့ ရောင်းချမှုများကြောင်း၊ ထွက်ရှိသော မြေပဲဖတ်များကို ဒေသတွင်း စိုက်ပျိုးရေးသုံးသွင်းအားစုနှင့် တိရစ္ဆာန် အစားအစာအဖြစ် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ယခုနှစ် မိုးသီးနှံ မြေပဲတူးဖော်ချိန်တွင် မြေပဲအထွက်နှုန်းကောင်းပြီး ယခု လက်ရှိ   ကာလပေါက်ဈေးဖြင့် ရောင်းချမည်ဆိုလျှင် မြေပဲစိုက် တောင်သူများ အကျိုးအမြတ်များစွာ  ရရှိမည်ဖြစ်ကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။  
မြေပဲအသုံးဝင်ပုံ
မြန်မာနိုင်ငံတွင် မြေပဲသီးနှံကို စားသုံးဆီအတွက် အများဆုံး စိုက်ပျိုးထုတ်လုပ်ကြသည်။ အချို့မှာ သရေစာအဖြစ် မြေပဲစေ့ အတိုင်း ကြော်၊ လှော်၍ စားသုံးကြသည်။ လုပ်ငန်းရှင်များအနေဖြင့် လည်း မြေပဲဆန်ဖြင့် စားသောက်ကုန်မျိုးစုံအသုံးပြုပြီး ထုတ်လုပ် လျက်ရှိသည့်အပြင် မြေပဲပင်မှ ထွက်ရှိသော အမှော်၊ အရွက်၊ အရိုး၊ အမြစ်၊ အခွံနှင့် မြေပဲဖတ်များကို စိုက်ခင်းသုံး သွင်းအားစု ဓာတ်မြေ နှင့် တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြပြီး မြေပဲမှ ကြိတ်ခွဲထုတ် လုပ်ရရှိသည့် မြေပဲဆီသည် မပြည့်ဝဆီ အမျိုးအစားတွင် ပါရှိသဖြင့် လူတိုင်းအတွက် ကျန်းမာရေးဆေးဖက်ဝင်  ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးဖြစ်သည်။ ယခုအချိန်တွင် စားသုံးသူများသည် ကျန်းမာရေး အဆင့်အတန်း  မြင့်မားလာပြီး လူဘဝသက်တမ်းစေ့  နေနိုင်ရေး အတွက် ရောဆီ၊ စားအုန်းဆီများအစား မြေပဲဆီကို အစားထိုး၍ တွင်တွင်ကျယ်ကျယ် သုံးစွဲလျက်ရှိသည်။ မြန်မာတို့ မီးဖိုချောင်တွင် အခြေခံစားကုန်အဖြစ် စားသုံးဆီကို ဒုတိယနေရာတွင် သုံးစွဲလျက်ရှိ သည်။ မြေပဲတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီများစွာပါဝင် စသဖြင့် အစားအစာများတွင် ထည့်သွင်းသုံးစွဲနိုင်သော အဖိုးတန် သီးနှံ မြေပဲဖြစ်သည်။ 
သုံးသပ်ချက်
မြေပဲသီးနှံသည်  ပြည်တွင်းသုံးစွဲမှုသာမက ပြည်ပပို့ကုန်အဖြစ် ကုန်သွယ်မှုပြုလုပ်၍ နိုင်ငံတော်အတွက် ပြည်ပဝင်ငွေရရှိသော သီးနှံ များအနက် တစ်မျိုးအပါအဝင်ဖြစ်သည်။ ပြည်တွင်း၌ စားသုံးမှု များပြားပြီး စိုက်ပျိုးထုတ်လုပ်သည့် စိုက်ဧက နည်းပါး၍ စားသုံးဆီကို စားသုံးမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ဝယ်ယူသုံးစွဲရခြင်းဖြစ်၍ ပြည်တွင်းဈေးကွက်တွင် ဈေးကွက်ခိုင်မာမှုရရှိပြီး ဈေးကောင်းရရှိ နေသည့် ဆီထွက်သီးနှံမြေပဲကို စိုက်ပျိုးခြင်းဖြင့် ဆီစက်များ တွင်တွင် ကျယ်ကျယ်လည်ပတ်လျက်ရှိကာ ပြည်တွင်း၌ အသေးစား၊ အလတ် စား၊ အငယ်စား ြှနြ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိလျက်ရှိသည်။သို့ဖြစ်ပါ ၍ ပြည်တွင်းစားသုံးဆီ   ဖူလုံရေးအတွက် မြေပဲစိုက် တောင်သူ များအနေဖြင့် စိုက်ပျိုးရရှိသည့်မြေများတွင် နှစ်စဉ်မပြတ် တိုးချဲ့စိုက် ပျိုးသင့်ပါကြောင်း ရေးသားလိုက်ရပါသည်။

မြင့်မြင့်သန်း (ပခုက္ကူ)