အများနှင့်သက်ဆိုင်သော ကုမ္ပဏီများအဖြစ် တိုက်ရိုက် တည်ထောင်သည်ဖြစ်စေ၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီဖြစ်ပြီးမှ အများ ပိုင်သို့ ပြောင်းသည်ဖြစ်စေ၊ ပြည်တွင်းပြည်ပလုပ်ငန်းများနှင့် ဖက်စပ် ကုမ္ပဏီများအဖြစ် ပူးတွဲ၍ တည်ထောင်သည်ဖြစ်စေ၊ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်သည် ဖြစ်စေ၊ အစိုးရ-ပုဂ္ဂလိက ပါတနာရှစ် (PPP)) လုပ်သည်ဖြစ်စေ အရေးကြီးသည့်အချက်မှာ မိမိတို့တည်ထောင်ပြီးသည့် အဖွဲ့ ကြီးကို ရေရှည်တည်တံ့အောင်၊ အကျိုးအမြတ်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြရန်ဖြစ်သည်။
ဤနေရာတွင် မိမိတို့အဖွဲ့ကြီးကို စနစ်တကျ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် စီမံခန့်ခွဲရေး အဖွဲ့ သို့မဟုတ် ဒါရိုက်တာအဖွဲ့ (Board of Directors))များ၏ အခန်း ကဏ္ဍ လွန်စွာအရေးကြီးလှပါသည်။ ယခုခေတ် အများနဲ့သက်ဆိုင် သည့် ကုမ္ပဏီများတွင် ဒါရိုက်တာအဖွဲ့ဝင်များကို အနည်းဆုံး ၅ ဦးမှ ၁၅ ဦးအထိ ရွေးချယ်ခန့်အပ်ကြပြီး လွတ်လပ်ပြီးရှယ်ယာရှင် မဟုတ်သည့် ဒါရိုက်တာ (Independent Director) ကိုလည်း အနည်းဆုံး ငါးပုံတစ်ပုံ ခန့်ထားလေ့ရှိသည်ကို တွေ့ရသည်။ လွတ်လပ်သည့် ဒါရိုက်တာများကိုလည်း ပြည်တွင်းမှ လုပ်ငန်း ကျွမ်းကျင်သူတို့ကိုသာမက နိုင်ငံခြားမှ ကျွမ်းကျင်သူများကိုလည်း ငှားရမ်းခန့်အပ်ကြသည်ကိုလည်း တွေ့ရသည်။ အုပ်ချုပ်မှုအဖွဲ့ တွင် အဓိကကျသည်မှာ ရှင်းလင်းမြင်သာသည့် လုပ်ငန်းရည်မှန်း ချက်များထားရှိရန် လိုအပ်ပြီး ယင်းကို တစ်ဦးတည်း သို့မဟုတ် အုပ်စုငယ် လေးတစ်ခုက ချုပ်ကိုင်ကာ ဆုံးဖြတ်ချက်များ ချမှတ် ခြင်း မပြုကြရန်လိုအပ်သည်။ ဒါရိုက်တာအဖွဲ့ကြီးတစ်ခုလုံးသည် မိမိတို့လုပ်ငန်း အောင်မြင်ရေးအတွက် တာဝန်ရှိသည်ဆိုသည့် အချက်ကို သတိချပ်ကြရန် လိုအပ်သည်။
ဤနေရာတွင် ဒါရိုက်တာအဖွဲ့၏ အခန်းကဏ္ဍ မည်မျှ အရေးပါ သည်ကို တင်ပြလိုပါသည်။ ဒါရိုက်တာအဖွဲ့သည် သစ္စာ စောင့်သိခြင်း၊ ကျွမ်းကျင်ခြင်း၊ ဂရုတစိုက်ပြုမူခြင်း စသည့်အချက် များကို လက်ကိုင်ထားရမည့်အပြင် အောက်ဖော်ပြပါ အရေးကြီး သည့် အချက်များကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
(၁) ရှယ်ယာရှင်များ၏အကျိုးကို တရားနည်းလမ်းကျစွာ ဆောင်ရွက်ရမည့်အပြင် အပြည့်အဝ တာဝန်ယူခြင်း ရှိရပါမည်၊
(၂) သဘောရိုးနှင့် ဆောင်ရွက်ပြုမူကြကာ ကုမ္ပဏီနှင့် ရှယ်ယာရှင်များ၏ အကျိုးအတွက် အကောင်းဆုံး ဆောင်ရွက်ကြရမည်၊
(၃) ရှယ်ယာရှင်များနှင့် စီးပွားရေးလုပ်ငန်းတွင် ပါဝင် ပတ်သက်သူအားလုံးတို့ကြားတွင် ထိရောက်သေချာ စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရမည်၊
(၄) ကုမ္ပဏီ၏ နည်းဗျူဟာ၊ မူဝါဒ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ စံ၊ လုပ်ငန်းစီမံချက် အစရှိတို့ကို ချမှတ်ခြင်း၊ စောင့် ကြည့်ခြင်း၊ အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ရမည်၊
(၅) ကုမ္ပဏီတွင်း ထိန်းချုပ်ရေးစနစ်များကို တည်ဆောက် ခြင်း၊ စောင့်ကြည့်ခြင်းများကို ဆောင်ရွက်ကြရမည်၊
(၆) စွန့်ဦးတီထွင်ခြင်းဆိုင်ရာ အရည်အချင်းများ၊ ခေါင်း ဆောင်မှု အရည်အချင်းများနှင့်ပြည့်စုံပြီး မဟာဗျူဟာ ကျသည့် ရည်မှန်းချက်များထားရှိခြင်း၊ မိမိတို့ရှိသော အရင်းအမြစ်များကို ရည်မှန်းချက်များနှင့် ကိုက်ညီ အောင် အသုံးချတတ်ခြင်း စသည့် အတတ်ပညာများ ရှိရမည်၊
(၇) ဒါရိုက်တာအဖွဲ့ဝင်များအနေနှင့် ၎င်းတို့၏ အရှိန် အဝါကို အသုံးချပြီး ကုမ္ပဏီ၏အဆင့်မြင့် အရာထမ်း များ၏ တာဝန်များကို ဝင်ရောက်စွက်ဖက်မှုမပြုလုပ် ရန် ထိန်းသိမ်းဆောင်ရွက်ကြရမည်။
ဒါရိုက်တာအဖွဲ့၏တာဝန်များ
ဒါရိုက်တာအဖွဲ့ အစည်းအဝေးများကို အနည်းဆုံး သုံးလ လျှင် တစ်ကြိမ်ပြုလုပ်သင့်ပြီး အဖွဲ့ဝင်များ အားလုံးသည် ပုံမှန်နှင့် အထူးအစည်းအဝေးများအားလုံးတွင် စုံညီစွာ တက်ရောက်ကြရန် လိုအပ်သည်။ အကယ်၍ မိမိတို့ဒါရိုက်တာအဖွဲ့တွင် လွတ်လပ် သည့် ဒါရိုက်တာများ ခန့်အပ်ထားပါက အနည်းဆုံးတစ်ဦးအား အစည်းအဝေးသို့ တက်ရောက်ခွင့်ပြုရမည်ဖြစ်သည် ။ ဒါရိုက်တာ အဖွဲ့၊ အမှုဆောင်ဒါရိုက်တာများ၊ အဆင့်မြင့် အရာထမ်း များ၏ လစာနှင့် နစ်နာကြေးများသည် ဆွဲဆောင်မှုရှိမရှိ၊ ထိုက်တန်မှု ရှိ မရှိ၊ ကုမ္ပဏီ၏လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင် ရွက်နိုင်ရန်အတွက် စေ့ဆော်နိုင်မှု ရှိ၊ မရှိကို သုံးသပ်ကြရန် တာဝန်ရှိသည်။ အမှုဆောင် ဒါရိုက်တာများ၊ အဆင့်မြင့်အရာရှိ များအတွက် ပုံသေနှင့် ပုံသေမဟုတ်သည့် ထောက်ပံ့မှုများပေး ရန်အတွက် နည်းလမ်းများ ချမှတ်တည်ဆောက်ကြရမည်။ သို့မှသာ တစ်ဦးချင်းနှင့် အဖွဲ့များအတွက် လိုအပ်သည့် ဆက် နွှယ်မှုများကိုဖန်တီးပေးကာ ရှယ်ယာရှင်များနှင့် ကုမ္ပဏီတို့ အတွက် စဉ်ဆက်မပြတ် အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ဝန်ထမ်းများအတွက် တရားဝင်နှင့် ပွင့်လင်းသည့် လစာစရိတ် အစီအစဉ်များကို ချမှတ်ထားရန် လိုအပ်သည်။ကုမ္ပဏီ၏ နှစ်ပတ်လည် အစီရင်ခံစာများတွင်လည်း ဒါရိုက်တာ များ၊ အရာရှိများ၊ အမှုဆောင်အရာရှိချုပ်များ၊ ဝန်ထမ်းများ၏ လစာနှင့် စရိတ်များကို ခွဲခြားပြီး ရှင်းလင်းမြင်သာ စွာဖော်ပြရန် အရေးကြီးသည်။
ဒါရိုက်တာများသည် ပြည့်စုံလုံလောက်သော၊ တိကျသော ပုံမှန် သတင်းအချက်အလက်နှင့် အစီရင်ခံစာ များကို ဒါရိုက်တာ အဖွဲ့ အစည်းအဝေးမတိုင်မီ ပြုစုရန် လိုအပ်သည်။ ဒါရိုက်တာ အဖွဲ့သို့ တင်ပြထားသော တင်ပြချက်များကို ဒါရိုက်တာအဖွဲ့မှ အတည်ပြု ဆုံးဖြတ်ရမည်ဖြစ်သည်။ ကုမ္ပဏီ၏ အကြီးတန်းအရာရှိ များသည်လည်း ဒါရိုက်တာအဖွဲ့ထံ ပြည့်စုံလုံလောက်သည့် အချက်အလက်များကို ပုံမှန်တင်ပြကြရမည်ဖြစ်သည်။ အကယ်၍ ဒါရိုက်တာအဖွဲ့သည် ၎င်း၏ အကြီးတန်းအရာရှိများအား သီးသန့်တာဝန်များ ပေးအပ်လိုပါက ၎င်းတို့အား လိုအပ်သော သတင်းအချက်အလက်များကို ထပ်မံပံ့ပိုးပေးရမည်ဖြစ်သည်။
အဆိုပါသတင်းအချက်အလက်များတွင် နောက်ခံသမိုင်း ကြောင်းများ၊ ဖွင့်ဟကြေညာရန်လိုအပ်ချက်များ၊ ရသုံးစာရင်း များ၊ လစဉ်ကုမ္ပဏီ၏ စာရင်းများ၊ ခန့်မှန်းလျာထားချက်များ ပါဝင်သည်။ ကုမ္ပဏီ၏ ရသုံးစာရင်းအပေါ် မူတည်ပြီး မူလခန့်မှန်း ထားချက်များနှင့် လက်တွေ့ဆောင်ရွက်ချက်များ၏ ကွဲလွဲချက် များကိုလည်း ရှင်းလင်းမြင်သာစွာ တင်ပြရန် အရေးကြီးသည်။ကုမ္ပဏီကို နိစ္စတာဝန်ထမ်းဆောင်ရွက်နေကြရသည့် ဒါရိုက်တာ တစ်ဦးချင်းစီတွင် သတ်မှတ်ထားသည့် အခွင့်အရေးနှင့် တာဝန် များရှိသည်။
ယင်းတို့မှာ –
(၁) ဒါရိုက်တာအဖွဲ့အစည်းအဝေးနှင့် ကော်မတီအစည်း အဝေးများကို ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အစည်း အဝေး အစီအစဉ်နှင့်လုံလောက်သည့်သတင်းအချက် အလက်များကို ကြိုတင်ရရှိပိုင်ခွင့်၊
(၂) ကုမ္ပဏီ၏ နောက်ဆုံးအခြေအနေနှင့် သတင်းအချက် အလက်များကို အချိန်မှန် ဝင်ရောက်ရယူနိုင်ခွင့်၊
(၃) ဒါရိုက်တာအဖွဲ့၏ ဆောင်ရွက်ချက်နှင့် ဆုံးဖြတ်ချက် များတွင် သဘောကွဲလွဲချက်များရှိပါက ၎င်းတို့၏ ကန့်ကွက်မှုများကို စာဖြင့်ရေးသား မှတ်တမ်းတင် နိုင်ခွင့်၊
(၄) ဒါရိုက်တာအဖွဲ့အစည်းအဝေးအတွက် လိုအပ်သည့် အစီအစဉ်များကို လိုအပ်သလိုဖြည့်စွက်ထည့်သွင်းနိုင်ခွင့်၊
(၅) အကြီးတန်းအရာရှိများ၏ လုပ်ငန်းများတွင် နှစ်ဦး နှစ်ဖက် အကျိုးအတွက် လိုအပ်သလိုဝင်ရောက် ပတ် သက်ခွင့်၊
(၆) ဌာနတွင်းရှိ လုပ်ငန်းဆောင်ရွက်မှုများ အားလုံးမှ ထွက်ပေါ်လာသော အကြံÓဏ်များကို ရရှိပိုင်ခွင့်၊
(၇) လုံလောက်ပြီး ပွင့်လင်းမြင်သာသည့် လစာနှင့်စရိတ် များကို ရပိုင်ခွင့်နှင့်
(၈) လိုအပ်သော အကြံÓဏ်များကို လွတ်လပ်စွာပေး ပိုင်ခွင့် စသည်တို့ဖြစ်သည်။
ကုမ္ပဏီ သက်တမ်းရှည်စွာတည်ရှိစေရေး၊ အောင်မြင်စွာ ရပ်တည်နိုင်ရေးနှင့် စဉ်ဆက်မပြတ် ယှဉ်ပြိုင်မှုစွမ်းရည်များ မြင့် တက်စေရေးအတွက် ဒါရိုက်တာအဖွဲ့တွင် တာဝန်ရှိသည်။ ထို့ပြင် ကုမ္ပဏီ၏ အကျိုးစီးပွားကို တရားဝင်စီမံဆောင်ရွက်ပိုင်ခွင့် ရှိ သည်နှင့်အညီ ကုမ္ပဏီနှင့် ရှယ်ယာရှင်များ၏အကျိုးအတွက် အစွမ်းကုန် ကြိုးစားကြရမည်ဖြစ်သည်။
ဒါရိုက်တာအဖွဲ့၏ ဆောင်ရွက်မှုများသည် အတတ်ပညာ များ၊ နည်းပညာများနှင့် ပြည့်ဝနိုင်စေရေးအတွက် လိုအပ်သော ကော်ပိုရိတ် စီမံခန့်ခွဲမှုစနစ်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စည်း မျဉ်း ထိန်းကျောင်းမှုနည်းစနစ်များကို စဉ်ဆက်မပြတ် လေ့လာ လိုက်စားမှု ရှိစေရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ နှစ်ပတ်လည် အစီရင်ခံစာများတွင်လည်း ဒါရိုက်တာအဖွဲ့ဝင်များ ၏ ပညာအရည်အချင်းများနှင့် ၎င်းတို့၏ စွမ်းဆောင်မှုများကို ထည့်သွင်းဖော်ပြရန် လိုအပ်မည်ဖြစ်သည်။ သို့မှသာပွင့်လင်း မြင်သာ ပြီးအောင်မြင်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။
(ဆက်လက်တင်ပြပါမည်)