နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် လိုက်နာရ မည့် လုပ်ငန်းစဉ်များအကြောင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန် သွင်းကုန်ရုံး ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်း မင်း တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းက ယခု ဖွင့်လှစ်ပို့ချမည့် သင်တန်းတွင် ပုဂ္ဂလိက ကဏ္ဍအသီးသီးရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်း နိုင်ငံအကြား နှစ်နိုင်ငံ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ရနောင်း-ကော့သောင်း-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်စည် စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး၊ တရားမဝင် ကုန်သွယ်မှု လျော့နည်းပပျောက်စေရေး၊ ကုန်သည်လုပ်ငန်းရှင်များ၏ ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင် ရန်အတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် နိုင်ရေး သင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် အကျိုး ရှိမည့် သင်တန်းတစ်ခုဖြစ်ကြောင်း၊ သင်ကြားပို့ချမည့် ဘာသာရပ်များမှာ မိမိတို့ဝန်ကြီးဌာနအပြင် ကုန်သွယ်မှုနှင့် ဆက်နွှယ်နေသော အခြားဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပြင်ပဘာသာရပ် ကျွမ်းကျင်သူ ပညာရှင် များမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း နယ်ပယ် အသီးသီးရှိ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို အလေးထား သင်ကြားပို့ချပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသား များအနေဖြင့် ပို့ချမှုများအား စိတ်ပါဝင်စားစွာ လေ့လာမှတ် သားကြစေလိုပါကြောင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် မိမိတို့အတွက် အကျိုးကျေးဇူးများစွာ ရရှိအောင် ကြိုးစား သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာ နေ့မှ သောကြာနေ့ထိ ဖွင့်လှစ်ပို့ချပြီး သင်တန်းကာလမှာ ၅ ရက်ကြာမြင့်ကာ စုစုပေါင်း သင်တန်းသားဦးရေ ၅၆ ဦး တက် ရောက်ခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်း သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
TTI
