Main menu

Background

နဝမအကြိမ်မြောက် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးပူးတွဲကော်မတီအစည်းအဝေး၏ ကြိုတင်ညှိနှိုင်းအစည်းအဝေး နေပြည်တော်တွင် ကျင်းပ

Tue, 02/03/2026 - 11:06 -- journal_editor

နဝမအကြိမ်မြောက် မြန်မာ - အိန္ဒိယ ကုန်သွယ်ရေးပူးတွဲ ကော်မတီ ((9th Myanmar-India Joint Trade Committee - JTC)  အစည်းအဝေး၏ ကြိုတင်ညှိနှိုင်းအစည်းအဝေး (Preliminary Meeting) ကို ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂  နာရီတွင် မြန်မာနိုင်ငံ နေပြည်တော် Park Royal Hotel  ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးအောင်မင်းသိုက်နှင့် အိန္ဒိယသမ္မတနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ် ရေးဦးစီးဌာနမှ ဘာသာရပ် တာဝန်ခံ ညွှန်ကြားရေးမှူးSh. Tariq Thomas ာ ဦးဆောင်၍ သက်ဆိုင်ရာ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ဝင် ၅၂ ဦးနှင့် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် နှစ်နိုင်ငံကုန်သွယ်မှုအလားအလာများ ကိုသုံးသပ်၍ ကုန်သွယ်မှုပမာဏအား ပိုမိုတိုးမြှင့်သွားရန် နှစ်ဖက် စလုံးမှ  ဆွေးနွေးခဲ့ကြပြီး  အဆိုပါ ရည်မှန်းချက်ကို  အကောင် အထည်ဖော်ရန်အတွက် ကုန်ပစ္စည်းအမယ်သစ်များ တိုးချဲ့ထုတ် လုပ်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်များ ကောင်းမွန်အောင်ဆောင် ရွက်ခြင်း၊ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများကို လွယ်ကူမြန်ဆန် စေခြင်း၊ နယ်စပ်အခြေခံအဆောက်အအုံများကို မြှင့်တင်ခြင်း တို့အပြင် အာဆီယံ-အိန္ဒိယ ကုန်စည်ကုန်သွယ်ရေး သဘောတူညီ ချက်နှင့် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ အထူးအခွင့်အရေး (Duty-Free Tariff Preference)) အစီအစဉ်တို့ကို အပြည့်အဝ အသုံးချခြင်း တို့မှတစ်ဆင့် ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ကဏ္ဍအလိုက်  ပူးပေါင်းဆောင်ရွက်မှုများတွင် ဆေးဝါးနှင့်တိုင်းရင်းဆေးကဏ္ဍ၊  စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်း ပညာ ICT) နှင့် ဒစ်ဂျစ်တယ်ကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကဏ္ဍ တို့တွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။ 
နှစ်နိုင်ငံအကြား အရေးပါသော  သတင်းအချက်အလက် များကို ပုံမှန်ဖလှယ်သွားကြရန်၊ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်းကို ဆက်လက်ဆောင်ရွက်ကြရန်နှင့် သဘောတူညီထားသည့်  လုပ်ငန်းစဉ်များအားလုံးကို အချိန်မီ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန များက ဆက်လက်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ  အစည်းအဝေးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကျိုးစီးပွားအတွက် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုတိုး တက်လာစေခြင်း၊  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုကို ပိုမို မြှင့်တင်နိုင်ပြီး ကဏ္ဍမျိုးစုံတွင် နှစ်ဖက်ပူးပေါင်းခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေမည့် နည်း လမ်းများကို ရှာဖွေဖော်ထုတ်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် ရလဒ်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

MOC(IR)