မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော လူမှုစီးပွားရေးကဏ္ဍဖြင့် တောင်သူ များ၊ လုပ်ငန်းရှင်များသည် မိမိတို့ အကျိုးစီးပွားနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေကြသည်။ စိုက်ပျိုးရေးလုပ်ငန်းဟူသည် မိခင်မြေလွှာအတွင်းမှ အရင်းအနှီးနည်းနည်းနှင့် အကျိုးစီးပွားဖြစ်ထွန်းသော လုပ်ငန်းတစ်ခုဖြစ်သည်။ တိုးတက်လာသောခေတ်သစ်စိုက်ပျိုးရေး ပတ်ဝန်းကျင်တွင် သီးနှံအလိုက် ကုမ္ပဏီ များ၊ လုပ်ငန်းအစုအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ မိမိတို့လုပ်ငန်း နယ်ပယ်တိုးတက်စေရန်အတွက် စိုက်နည်းစနစ်များ၊ မျိုးကောင်းမျိုးသန့်များဖြင့် အဆင့်မြှင့်တင်ခြင်း သီးနှံအလိုက် တန်ဖိုးမြှင့်ထုတ်ကုန် များ ထုတ်လုပ်ခြင်းဖြင့် စီးပွားရေးပတ်ဝန်းကျင်ကောင်း တည်ဆောက်နေကြပေသည်။ စိုက်ပျိုးရေး သီးနှံဇုန်များ ထွန်းကားလာသည်။ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပဈေးကွက်သို့ တိုးတက်တင်ပို့ နေကြပေသည်။
စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် ခွဲခြားမရ အတူယှဉ်တွဲရမည့် ဝန်းကျင်နှစ်ခုဖြစ်သည်။ စိုက်ပျိုးရေး ထွက်ကုန်များသည် မွေးမြူရေးဝန်းကျင်အတွက် မရှိမဖြစ် အစာလိုအပ်ချက်ဖြစ်သလို မွေးမြူရေးမှ ထွက် လာသည့် ဘေးထွက်ပစ္စည်းများသည် စိုက်ပျိုးရေးဝန်းကျင်အတွက် အကောင်းဆုံး သဘာဝမြေသြဇာ ဖြစ်နေသည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်းကျင်နှစ်ခုစလုံးကို အတူယှဉ်တွဲ တိုးတက်စေပြီး မိမိတို့၏ စိုက်မွေးဧရိယာများသည် တောတောင်ရေမြေကို နစ်နာဆုံးရှုံးမှုမရှိစေဘဲ ဆွဲဆောင်မှုရှိသည့် စီးပွားရေး အသိုက်အဝန်းအဖြစ် ဖန်တီးပြီး ခရီးသွားလုပ်ငန်းများပေါ် ထည့်သွင်းစီမံ အကောင်အထည်ဖော်သင့်ပါ သည်။
အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန နှင့် ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်တွင် ပူးပေါင်း၍ ခရီးသွားလာရေးကဏ္ဍမဟာဗျူဟာကို အကောင် အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်းကျင်များ ယှဉ်တွဲ၍ အပိုဝင်ငွေ ခရီးသွားလုပ်ငန်းဆွဲဆောင်မှုကိုပါ ဆောင်ရွက်သင့်သည်။ ရှမ်းပြည်နယ်တွင် စတော်ဘယ်ရီ စိုက်ခင်းများ၊ လိမ္မော်စိုက်ခင်းများ၊ ကော်ဖီစိုက်ခင်းများ၊ လက်ဖက်စိုက်၊ ထောပတ်၊ ပန်းနှမ်းစိုက်ခင်း များသည် ခရီးသွားများကို အထူးဆွဲဆောင်နိုင်သည့် အခွင့်အလမ်းကောင်းများ ပိုင်ဆိုင်နေသည်။ ခေတ်မီ အော်ဂဲနစ်စိုက်ခင်းများ၊ သီးနှံစုံစိုက်ခင်းများနှင့်လည်း ဆွဲဆောင်မှု ပြုနိုင်သည်။
အချုပ်အားဖြင့်ဆိုလျှင် ခရီးသွားလုပ်ငန်းဝန်ဆောင်မှုသည် တစ်ခါရင်းနှီးမြှုပ်နှံပြီးလျှင် ရေရှည် စားသုံးနိုင်သည့် ဝန်ဆောင်မှုတစ်မျိုးဖြစ်သည်။ မိရိုးဖလာ စိုက်ပျိုးမွေးမြူရေးမှသည် အများပြည်သူနှင့် ပြည်ပခရီးသွားများပါ စိတ်ဝင်စားလာအောင် စိုက်ပျိုးမွေးမြူရေး အခြေခံအဆောက်အအုံ တည်ဆောက် ပြီး စိုက်ပျိုးမွေးမြူရေး ခရီးသွားလုပ်ငန်းဝန်ဆောင်မှုကိုလည်း မြှင့်တင်ဆောင်ရွက်သင့်ကြောင်း အကြံပြု ရေးသားရပေသည်။
တင်ဌေး (တောင်ကြီး)
